
ရခိုင်ပြည်နယ်ထဲက ကျွဲ၊ နွား အပျောက်အများဆုံး မြို့နယ်ထဲမှာပါဝင်သည့် ပေါက်တောမြို့နယ်တွင် ကျွဲ၊ နွားပျောက်ဆုံးမှုကို တားဆီးကာကွယ်မှု မပြုလုပ်နိုင်ခြင်းသည် လိုအပ်သောပစ္စည်းများ မရှိခြင်းနှင့် အချိန်မီဖမ်းဆီးနိုင်ရန် စက်လှေကြီးများ လိုအပ်ကြောင်း ပေါက်တောရဲစခန်းက ဆိုသည်။
ပြီးခဲ့သည့် အစိုးရလက်ထက် (၅) နှစ်တာအတွင်း ကျွဲ၊ နွား အကောင်ရေ ၁၀၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး ယခုနှစ်တွင်လည်း ပျောက်ဆုံးမှုများရှိနေသော်လည်း ဖမ်းဆီး၍ ယခုအချိန်ထိ မရသေးကြောင်း ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ပေါက်တာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ ကျွဲ ၊ နွား သူခိုးတွေဟာ စက်လှေအကြီးတွေနဲ့ လာရောက်ပြီး ကျွဲ၊ နွားတွေကို တင်ဆောင်ကာ ရေကြောင်းလမ်းအတိုင်း ဖြတ်မောင်းကြတယ်။ အဲဒီလို ဖြတ်မောင်းတာကို ရဲတပ်ဖွဲ့မှာရှိတဲ့ စက်လှေငယ်တွေနဲ့ဆိုရင် လိုက်မမီနိုင်ဘဲ ရဲတပ်ဖွဲ့ဝင်တွေတောင် ကျွဲ၊ နွားသူခိုးတွေဆီမှာ အန္တရာယ်ပြုခြင်းကို ခံရနိုင်တယ်။ ” ဟု ဆိုသည်။
ယင်းကြောင့် ကျွဲ၊ နွားများ ပျောက်ဆုံးနေမှုများကို တားဆီးကာကွယ်ရန်အတွက် စက်လှေအကြီးများနှင့် အခြားလိုအပ်သော ပစ္စည်းများကို ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးစေလိုကြောင်း အမည်မဖော်ပြလိုသည့် ပေါက်တောရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပျောက်ဆုံးသွားသော ကျွဲ၊ နွားများကို မှောင်ခိုကူးသူများမှ ဘင်္ဂလီဒုက္ခသည်စခန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ကြကြောင်း သိရသည်။
ပေါက်တောမြို့နယ်တွင် ယခုအချိန်တွင်လည်း ကျွဲ၊ နွားများ ပျောက်ဆုံးမှုများရှိနေပြီး လုံခြုံရေးများလည်း ပါဝင်ပတ်သက်နေသည်ဟု သံသယဖြစ်မိကြောင်း ပေါက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကဆိုသည်။
“ ကျွဲ ၊ နွားတွေ ဒီလောက်ထိ ပျောက်ဆုံးနေရတာက လုံခြံရေးတွေကပါ ပူးပေါင်းပါဝင်နေသလားဆိုတဲ့ တစ်ချက်ကို ကျနော်တို့ သံသယဖြစ်မိပါတယ်။ မဟုတ်ရင် NLD အစိုးရလက်လက်မှာ တရားဥပဒေစိုးမိုးရေးကို ဒီလောက်လုပ်နေတဲ့ကြားထဲ အခုအချိန်ထိ ဒီလိုဖြစ်နေတာက တရားဥပဒေစိုးမိုးမှု မရှိသေးတာကို ဖော်ပြနေတာပဲ။ တရားဥပဒေစိုးမိုးဖို့အတွက်က ဘယ်သူ့မှာတာဝန်ရှိသလဲဆိုတော့ လုံခြံရေးအပိုင်းကို တာဝန်ယူနေကြတဲ့ပုဂ္ဂိုလ်တွေက ဒါတွေကို မသိဘူးလား။ သိရင်းနဲ့ကို လွှတ်ထားတာလား။ ဘာကြောင့် လွှတ်ထားတာလဲဆိုတာတွေက ကျနော်တို့အတွက် မေးခွန်းတွေ ဖြစ်လာတယ် ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။
လက်ရှိတွင် ပေါက်တောမြို့နယ်အပြင် မင်းပြား၊ အမ်းမြို့နယ်တို့တွင်လည်း ကျွဲ၊ နွားပျောက်ဆုံးမှုများရှိနေပြီး ပြီးခဲ့သည့် ဧပြီလက တောင်ကုတ်မြို့နယ်တွင် နွားအကောင်း ၁၀၀ ကျော် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ သိရသည်။





