
ခင်သရဖီဦး၊DMG
စက်တင်ဘာလ ၁၉၊ စစ်တွေ
ပေါက်တောမြို့နယ်၊ နတ်ရှင်ကျေးရွာက ကိုမောင်ဖြူဒေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရဲတပ်သား ထွန်းလင်းအား ရဲမှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပယ်သည့် ပြစ်ဒဏ်ချမှတ်ချက်အစား အငြိမ်းစားလစာအတွက် ရဲမှုထမ်း သက်(၂) နှစ် လျှော့ချသည့် လျှော့ပေါ့ပြစ်ဒဏ်ပေးလိုက်ပြီဟု ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က စက်တင်ဘာလ ၁၈ ရက်နေ့က လွှတ်တော်မှာ ပြောသည်။
၂၀၁၇ ခု၊ဧပြီလ ၃ ရက်နေ့က ဦးမောင်ဖြူဒေါင်းကို ကျောက်စုရဲကင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ထွန်းလင်းက သေနပ်ဖြင့် ခြောက်ချက်ပစ်ခတ်၍ သေဆုံးသွားခဲ့သည်ဟု မျက်မြင်ပြောကြား ချက်များကို ကိုးကားပြီး ဦးအောင်ကျော်ထွီးက လွှတ်တော်မှာ တင်ပြခဲ့သည်။
နတ်ရှင်ကျေးရွာနေ ဦးမောင်သန်းဆိုသူသည် ရွာအတွင်းဆဲဆိုနေသောကြောင့် အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ ဝင်များသည် ၎င်းအားဖမ်းဆီးရာ ဦးမောင်ဖြူဒေါင်းက ဦးမောင်သန်းအား လွှတ်ပေးရန် ပြောဆိုစဉ် ရဲတပ်သား ထွန်းလင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သတ်ပြီး မည်သို့ အရေးယူဆောင်ရွက်ထား ကြောင်း ဦးအောင်ကျော်ထွီးက လွှတ်တော်မှာ မေးမြန်းခဲ့သည်။
သို့သော် ထိုသို့ပြောကြားချက်များကို အစိုးရအဖွဲ့က လက်ခံခြင်းမရှိဘဲ ရဲတပ်သား ထွန်းလင်း တာဝန်ထမ်း ဆောင်နေစဉ် မောင်ဖြူဒေါင်းအဖွဲ့က ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အပြင် ၎င်းကိုင်ဆောင်ထားသည့် လက်နက်အား ဝင်ရောက်လုယူခဲ့သဖြင့် မိမိကိုယ်ကို ကာကွယ်ရင်း ကျည်ပေါက်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးဖုန်းတင့်က ပြောသည်။
မောင်ဖြူဒေါင်းမိသားစုဝင်များက ကျည်ခွံ (၆) ခု အပ်နှံခဲ့သော်လည်း မျက်မြင်သက်သေများက ကျည် (၃) တောင့်သာ ပေါက်ထွက်ခဲ့သည်ဟု ဗိုလ်မှူးကြီး ဖုန်းတင့်က ဆိုသည်။
ရဲတပ်သားထွန်းလင်းအား သေနပ်ကျည်(၃) တောင့် ပေါက်ထွက်ပြီး မောင်ဖြူဒေါင်းအား ထိမှန် သေဆုံးစေခဲ့ခြင်းအတွက် ၎င်းအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မဖြင့် စွဲချက်တင်ကာ ၂၀၁၇ ခု မေလ ၂၆ ရက်နေ့ တွင် ရဲတရားရုံးဖြင့် စစ်ဆေးခဲ့သည်။
ယင်းနောက် ရဲမှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပယ်သည့် ပြစ်ဒဏ်ချမှတ် ချက်အစား အငြိမ်းစားလစာအတွက် ရဲမှု ထမ်းသက်(၂) နှစ် လျှော့ချသည့် လျှော့ပေါ့ပြစ်ဒဏ်ပေးလိုက်ပြီး ကျည်(၃)တောင့်၏ တန်ဖိုးငွေ (၃)ဆအား ၎င်း၏ လစာမှပေးလျှော်စေသည့် ပြစ်ဒဏ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင် ချမှတ်ခဲ့သည်ဟု ဗိုလ်မှူးကြီးဖုန်းတင့်က ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဦးမောင်ဖြူဒေါင်းကို ရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ သောက်စားမူး ယစ်နေသည့် ဦးမောင်သန်းကို ဖမ်းဆီးခေါ်ဆောင်သောအခါ ၎င်း၏ ယောက်ဖ ဦးမောင်ဖြူဒေါင်းက လမ်း၌ ရဲတပ်သားထွန်းလင်းထံမှ သေနတ်လုရာမှ တစ်ဆင့် ဝမ်းဗိုက်ကို ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ၂၀၁၇ ခု၊ဧပြီလအတွင်းကလည်း ပေါက်တောမြို့မရဲစခန်းမှ သတင်းထုတ် ပြန်ခဲ့သည်။




