
ဘ၀မ်းပွဲတော်အတွင်း ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲအား ပျော်ရွှင်စွာ ကျင်းပနေကြစဉ်။ ဓာတ်ပုံ - Facebook
သတင်း - ခိုင်ရိုးလ / DMG
မတ်လ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရခိုင်ပြည်နယ် ပေါက်တောမြို့၏ အစည်းကားဆုံးပွဲတော်တစ်ခုဖြစ်သည့် ဘဝမ်းပွဲတော်ကို ယခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၆ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါဘဝမ်းပွဲတော်ကို ဘဝမ်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျင်းပနေခြင်းဖြစ်ပြီး ပွဲတော်အတွင်း ရခိုင်ရိုးရာ ပြိုင်လောင်းပြိုင်ပွဲ၊ ရခိုင်အဆိုတော်များပါဝင်သည့် စတိတ်ရှိုးပွဲ၊ ဇာတ်သဘင်၊ ဝင်္ကပါနှင့် အခြားပျော်ပွဲရွှင်ပွဲများ ပါဝင်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
“ ဘဝမ်းရပ်ကွက်မှာ နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ် ရိုးရာမပျောက်ပျက်ရအောင်နဲ့ အများပြည်သူတွေ နွေရာသီအားလပ်ရက်တွေမှာ ပျော်ရွှင်စေဖို့အတွက်ရယ် နောက်ပြီး ရခိုင်တို့ရဲ့ ရိုးရာပွဲလမ်းသဘင်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ ဒီပွဲတော်ကို ကျင်းပတာဖြစ်ပါတယ် ” ဟု ဘဝမ်းပွဲကျင်းပရေးကော်မတီဝင် ဦးမောင်ထွန်းမြင့်က ပြောသည်။
ဘဝမ်းရပ်ကွက်၌ နှစ်စဉ်ကျင်းပလာခြင်းဖြစ်သည့်အတွက် “ဘဝမ်းပွဲ” ဟုခေါ်ဆိုကြပြီး ပွဲတော်အတွင်း ပြိုင်လောင်းပြိုင်ပွဲတွင် ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့တို့မှ ပြိုင်လောင်းအဖွဲ့များ လာရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဘဝမ်းပွဲတော်မှာ ဒေသအတွင်းကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သလို ရခိုင်ရိုးရာပြိုင်ပွဲများ ထည့်သွင်းကျင်းပသည့်အတွက် ပေါက်တောမြို့နယ်အတွင်း အခမ်းအနားဆုံးပွဲတော်တစ်ခုဖြစ်ပြီး ယခင်နှစ်အနည်းငယ်က ပွဲတော်ကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့သည့်အတွက် ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းလည်းဖြစ်သည်။




