(ပေါက်တောမြို့ ရပ်ကွက် ၃ တွင် မီးလောင်မှူမြင်ကွင်း။ ဓါတ်ပုံ - DMG)

မေလ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်၊ ပေါက်တော (DMG) ။    ။    ပေါက်တောမြို့၊ ရပ်ကွက် (၃) တွင်  ယနေ့ နံနက် ၈ နာရီကျော်အခန့်က ဓာတ်ဆီဆိုင်တန်းမှ စတင်လောင်ကျွမ်းမှုကြောင့် လူ (၁၄) ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နှင့် ဆိုင်ခန်း(၁၀) ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ပေါက်တောဒေသခံတစ်ဦးဖြစ်သူ ကိုကျော်ဝင်းစိုးက ပြောသည်။

ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ဆီဆိုင်တန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ပေါက်တောမီးသတ်ဌာန၊ ရဲတပ်ဖွဲ့၊ မြို့ပေါ်ပြည်သူလူထုများ၏ ဝိုင်းဝန်းမီးငြိမ်းသတ်နိုင် မှုကြောင့် နံနက် ၁၀ နာရီခွဲအချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်းသိရသည်။

“ အိမ်နဲ့ ဆိုင် စုစုပေါင်း ၁၀ ကျော်လောက် လောင်ကျွမ်းသွားတယ်။ ဒဏ်ရရှိသူကတော့ (၁၄) ဦးလောက်ရှိတယ်။ အခု ပေါက်တောဆေးရုံကို ပို့ထားတယ်။ ပြင်းထန်တဲ့ သူတွေကို စစ်တွေဆေးရုံသို့ ပို့ဖို့စီစဉ်နေတယ်။ ” ဟုပေါက်တောဒေသခံ ကိုကျော်ဝင်းစိုးမှ နံနက် ၁၁ နာရီအချိန်မှာ ပြောကြားသည်။

မီးလောင်မှုနှင့် ပတ်သတ်ပြီး ပေါက်တောရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း အလုပ်ရှုပ်နေသည့်အတွက် နောက်မှ ဆက်သွယ်ရန်ပြောကြားပြီး အလားတူ မီးသတ်ဌာနအား ဆက်သွယ်ရာ ဖုန်းကိုင်ဖြေဆိုမှုမရှိသောကြောင့် သက်ဆိုင်ရာများ၏ အတည်ပြုချက်ကို မရရှိသေးပေ။

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်