
(လေးမြို့မြစ်တစ်နေရာအားတွေ့ရစဉ်။ ဓါတ်ပုံ - Morica San)
မေလ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည် (DMG) ။ ။ မိုးဦးကာလ မေလနှင့်ဇွန်လတို့တွင် ရခိုင်ပြည်နယ်အတွင်းရှိ ကုလားတန်မြစ်နှင့် လေးမြို့မြစ် တစ်လျှောက်ရှိမြို့များတွင် မြစ်ရေများသည် လက်ရှိရေမှတ်များ၏ အထက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
သို့သော်လည်း မေလနှင့်ဇွန်လတို့တွင် ကုလားမြစ်နှင့် လေးမြို့မြစ် တစ်လျှောက်ရှိမြို့များတွင် မြစ်ရေများသည် လက်ရှိရေများ၏ အထက်မြင့်တက်လာ နိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိကြောင်းနှင့် မိုးဦးကာလတွင် ရခိုင်ပြည်နယ်၏ မိုးရွာသွန်းမှု အခြေအနေမှာ ရွာသွန်းမြဲထက် ပိုမည်ဖြစ်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဧပြီလ ၂၈ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မိုးလယ်ကာလဖြစ်သည့် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ကုလားတန်မြစ်ရေသည် ကျောက်တောမြို့တွင် (၁) ကြိမ်ခန့်နှင့် လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်စွာ ရောက်ရှိနိုင်ကြောင်းလည်း သိရသည်။
ယခုနှစ် မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်အထိပြီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်တွင် ပိုမိုအားကောင်လာက မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းနှင့် ယင်းကာလတွင် အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်လာကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံတဝန်း မုတ်သုံလေအားကောင်းပြီး မိုးများဆက်တိုက်ရွာသွန်းခြင်းကြောင့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ရခိုင်ပြည်နယ်အတွင်း၌ ဆိုးရွားစွာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အပျက်အစီးဆုံးရှုံးများစွာ ရှိခဲ့ကြောင်းလည်းသိရသည်။





