စိမ်းကိုကို /DMG
မေ ၁၅၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ၌ မေလ ၁၄ ရက်နေ့တစ်ရက်တည်းတွင် တိုက်ပွဲ ၅ ကြိမ်အထိဖြစ်ပွားခဲ့ပြီး တပ်မတော်ဖက်မှ သေဆုံးသူ ၅၀ ဦးခန့်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA) မှ ထုတ်ပြန်ထားသည်။

တိုက်ပွဲများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလ ၁၄ ရက်နေ့က ကျောက်တော်မြို့နယ် သာစည်ရွာအရှေ့ဘက်ကားလမ်းတွင် တပ်မတော်စစ်ကား ၁၃ စီးကို AA ကွန်မန်ဒိုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်ဘက်မှ ကျဆုံးဒဏ်ရာရသူ ၄၀ ဦးခန့် ရှိနိုင်ကြောင်း ထုတ်ပြန်သည်။

ယင်းအပြင် မင်းသားတောင်ကျေးရွာမြောက်ဘက် ၂ ကီလိုမီတာအကွာ ကျောက်တော်-ပလက်ဝ ကားလမ်းတွင်လည်း တပ်မတော်စစ်ကြောင်းတစ်ခုကို AA ကွန်မန်ဒိုများက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအချိန် ၃ နာရီကျော် ကြာမြင့်ခဲ့ကာ တပ်မတော်ဘက်မှ အနည်းဆုံး ၂၅ ဦးအား ချေမှုန်းနိုင်ခဲ့ကြောင်း ပါရှိသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းကလည်း မြောက်ဦးမြို့နယ် ပေါက်တောပြင်နှင့် အုတ်ဖိုကန်ကျေးရွာကြား တိုက်ပွဲဖြစ်ပြီး တပ်မတော်ဘက်က ၁၈ ဦးကျဆုံးခဲ့ကာ ယင်းနေ့ ညနေပိုင်းတွင် အုပ်ဖိုကန်ရွာ အရှေ့တောင်ဘက်၌ တိုက်ပွဲထပ်မံဖြစ်ပွားပြီး တပ်မတော်ဘက်မှ ၄ ဦးကျကာ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်များ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်ဖက်မှ အနည်းဆုံး ၅၀ ဦးခန့်ကျဆုံးကာ ၄၀ ဦးခန့် ဒဏ်ရာရရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

တပ်မတော်ဘက်က ပြောဆိုရာတွင် မေလ ၁၄ ရက်နေ့ တိုက်ပွဲများ၌ AA ဘက်မှ အလောင်း ၃ လောင်းရရှိကာ တပ်မတော်ဘက်မှ ၁ ဦးသာ ကျဆုံးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားသည်။

Author: Admin