
ချလူးအောင် / DMG
၂၀၁၇ -၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မောင်တောခရိုင်အတွင်းမှ အမှတ် (၄၆၀)ကျော်ရရှိသော ကျောင်းသား/သူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုကို တက်ရောက်သင်ကြားနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့ သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မောင်တောခရိုင်မှ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ .
" မောင်တောခရိုင်က အမှတ်(၄၆၀)ကျော် ရရှိတဲ့ ကျောင်းသား/သူတွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ အသက်မွေးကျောင်းတစ်ခုခု တက်ရောက်သင်ကြားနိုင်
အောင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှတဆင့် ထောက်ခံပေးသွားမယ် " ဟု ဆိုသည်။
၂၀၁၈ ခုနှစ်တွင် မောင်တောခရိုင်မှ ၅ ဘာသာ ၄ ဦး၊ ၄ ဘာသာ ၅ ဦး၊ ၃ ဘာသာ ၅ ဦး၊ ၂ ဘာသာ ၆ ဦးနှင့် ၁ ဘာသာ ၃၄ ဦး ဂုဏ်ထူးရကျောင်းသားစုစုပေါင်း(၅၄)ဦးအထိ ရှိခဲ့သည်။
မောင်တောခရိုင် ပညာရေးမှူးတာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးခင်အောင်က " မောင်တောမြို့နယ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ဟာ ၂၀၁၇ ခုနှစ်တွင် ၉.၉၉ ရာခိုင်နှုန်း
ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၁၈.၁၂ ရာခိုင်နှုန်းဆိုတော့ ၂ ဆနီးပါးလောက် အောင်ချက်ရာနှုန်းမြင့်မားခဲ့တယ် " ဟု DMG နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်းမှ ထူးချွန်ကျောင်းသား/သူများအား ပြည်နယ်အစိုးရအဖွဲ့မှ ဆုချီးမြှက့်ပေးနေခြင်းဖြစ်ပြီး ဆုငွေအနေနှင့် ၅ ဘာသာကို ၁၅ သိန်း၊ ၄ ဘာသာကို ၈ သိန်း၊ ၃ ဘာသာ ကို ၄ သိန်း၊ ၂ ဘာသာကို ၁ သိန်း၊ ၁ ဘာသာကို ၅ သောင်း စသည်ဖြင့် အသီးသီးဆုချီးမြှင့်ပေးနေခြင်းဖြစ်သည်။




