
ချလူးအောင်၊ DMG
အောက်တိုဘာ ၃၊ မောင်တော
မောင်တောခရိုင်အတွင်းရှိ ကျေးရွာများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသောအချက်အလက်များ ကို UNHCR နှင့် UNDP တို့မှကွင်းဆင်းစစ်တမ်းကောက်ယူနေပြီး ကျေးရွာပေါင်း ၂၇ ရွာကို စာရင်းကောက်ယူပြီး ဖြစ်ကြောင်းသိရသည်။
အဆိုပါ စာရင်းကောက်ယူမှုတွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ ကျေးရွာများ ပါဝင်မည်ဖြစ်ပြီး ကျေးရွာပေါင်း ၈၆ ရွာကို ဆက်လက်စစ်တမ်းကောက်ယူရန် ကျန်ရှိနေသေးကြောင်း မောင်တောခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက ပြောသည်။
" အခုပြန်လည်လက်ခံရေးနဲ့ ပြန်လည်ဝင်ရောက်လာသူတွေ့ရဲ့ အနာဂတ် လူမူစီးပွားးဘဝဖုံလုံရေး နဲ့ပတ်သတ်ပြီး မြန်မာအစိုးရနဲ့ ကုသမဂ္ဂမဟာမင်းကြီးရုံး UNHCR နဲ့ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့အကြား လက်မှတ်ရေးထိုးထားတဲ့ MOU နားလည်မှု စာချွန်လွှာအရ မောင်တောခရိုင်အတွင်းကျေးရွာတွေရဲ့ လက်ရှိလိုအပ်ချက်တွေ ကျန်းမာရေး ပညာရေး စီးပွားရေးစတဲ့ အချက်အလက်တွေကို အသေးစိတ် စာရင်းကောက်ယူမှုတွေ ပြုနေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
မောင်တောခရိုင်အတွင်း ယခုလက်ရှိ ကွင်းဆင်းစစ်ဆေးရန်အဆိုပြုထားသည့် ကျေးရွာများမှာ ဘူသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်စု(၉)စု ၊ ကျေးရွာစုစုပေါင်း (၃၂)ရွာ နှင့် မောင်တောမြို့နယ် တွင် ကျေးရွာအုပ်စု(၁၆)စု ကျေးရွာစုစုပေါင်း(၇၅)ရွာနှင့် ရသေ့တောင်မြို့နယ်တွင် ကျေးရွာအုပ်စု(၆)စု ကျေးရွာပေါင်း(၆)ရွာ ကိုဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။
ထပ်မံစာရင်းကောက်ယူရန် အဆိုပြုထားသော ကျေးရွာများမှာ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်အတွင်း ကျေးရွာစုစုပေါင်း(၂၆)ရွာ ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP သည် ရခိုင်ပြည်နယ် သို့ ၁၉၉၆/၉၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ပြဿနာများဖြစ်ပွားပြီးနောက်ပိုင်း ၂၀၁၃ တွင် လုပ်ငန်းများအားလုံး (ခေတ္တ)ရပ်ဆိုင်းခဲ့ကြောင်းလည်း သိရသည်။




