
(ယနေ့ နံနက် ၁၁ နာရီက ပြည်နယ်အစိုးရမှ တာဝန်သူများနှင့် ဝါဘိတ်ကျေးရွာ ဘင်္ဂလီများတို့ တွေ့ဆုံခဲ့ကြစဉ်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
မေလ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။ ။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ နောက်ပိုင်း နေအိမ်များမီးလောင်း ပျက်ဆီးဆုံးရှူံးသွားသည့် မောင်တောမြို့နယ် ဝါဘိတ်ကျေးရွာမှ ဘင်္ဂလီများကို ယင်းရွာ၏ မြောက်ဘက် လယ်ကွင်းပြင်တွင် ပေ ၄ဝ x ၆ဝ ရှိသော မြေကွက်များကိုရိုက်ပြီး လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် ပြည်နယ်အစိုးရမှ စီစဉ်နေကြောင်း သိရသည်။
မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ နယ်စပ်စည်ပင် ညွှန်မှူး ဦးစောဝေ၊ ဒေသစီမံခန့်ခွဲရေးကော်မတီ ဦးစီအရာရှိ ဦးအောင်ထင်လင်းတို့အဖွဲ့နှင့် ဝါဘိတ်ရွာသား ဘင်္ဂလီ ၁၀၀ ဦးခန့်တို့သည် ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျီးကန်းပြင်တောင်ကျေးရွာ အထက (ခွဲ)ကျောင်း၌ အစည်းအဝေးပြုလုပ်ပြီး နေအိမ်များ စီမံချပေးရေးကို တွေ့ဆုံဆေးနွေးခဲ့ကြသည်။
အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်း ဝါဘိတ်ကျေးရွာမှ နေအိမ်များတချို့ မီးရှို့ခံခဲ့ရပြီး ယင်းရွာမှဘင်္ဂလီများမှာ ကျီးကန်းပြင် (တောင်)ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသောကြောင့် ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် လုံးချင်းနေအိမ်များ စီစဉ်ပေးခြင်းဖြစ်သည်။
သို့သော်လည်း ပြည်နယ်အစိုးရမှ ဝါဘိတ်ကျေးရွာ၏ မြောက်ဘက်တွင် နေရာစီစဉ်ပေးခြင်းကို ဘင်္ဂလီများက သဘောမတူငြင်းဆန်ဖြစ်နေကြောင်း၊ အဆိုပါ ဘင်္ဂလီများမှာ ယခင်နေထိုင်ခဲ့သော ဝါဘိတ်ကျေးရွာ၌သာ နေထိုင်လိုကြောင်း၊ လူဦးရေ ၁၈ ဦးကနေ ၂၀ ဦးအထက်ရှိသည့် မိသားစုတစ်ခုအတွက် ပေ ၄ဝ x ၅ဝ ရှိသည့် မြေကွက်မှာ နေထိုင်ရန် အဆင်မပြေကြောင်း အစည်းအဝေးသို့ တက်ရောက်လာသော ဘင်္ဂလီများက ပြောဆိုကြသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူးမှ မိမိတို့အနေဖြင့် ရွာသားများကို ယခင်ကပင် နေရာချထားရန် စည်းရုံးပြောကြားခဲ့သော်လည်း ရွာသားများအနေဖြင့် လိုက်နာခြင်းမရှိကြောင်း၊ ဦးရေ ၁၈ ဦးကနေ ၂၀ ဦးအထက်ရှိသည့် မိသားစုများအတွက် ခြံမြေ ၁ ကွက်/ ၂ ကွက် တို့ကို စီစဉ်ပေးမည်ဟု ဝါဘိတ်ရွာသား ဘင်္ဂလီများကို ကတိပြုပြောဆိုခဲ့သည်။




