ဒဏ်ရာပြင်းထန်သူ ဦးမောင်သာလှအားတွေ့ရစဉ်(ဓာတ်ပုံ-ချလူးအောင်/DMG)

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင် / DMG

မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာက မရမာကြီးလူမျိုးနှစ်ဦးကို ဘင်္ဂါလီ (၆) ဦးက ဓားဖြင့်ခုတ်သတ်မှုကြောင့် တစ်ဦးမှာ  ဦးခေါင်းပြင်းထန်စွာ ဒဏ်ရာရရှိသွား၍ မောင်တောဆေးရုံတွင်  ဆေးကုမှု ခံယူလျက်ရှိသည်ဟု ဒဏ်ရသူတစ်ဦးဖြစ်သည့် နေစောထွန်းဦးက DMG ကို မွန်းလွဲ ၁၂ နာရီခန့်က ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းက အထက်ပြူးမကျေးရွာက ဒေသခံနှစ်ဦး ပျောက်ဆုံးနေ၍ လိုက်ရှာကြစဉ် ညနေ ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ရွာနီးရှိချောင်းကမ်းစပ်တွင် အော်သံကြားသဖြင့် ပျောက်ဆုံးနေသောသူဟု ယူဆကာ ရွာသားများ လိုက်သွားကြသည်။

ယင်းသို့လိုက်သွားစဉ် ပျောက်ဆုံးနေသူများကို မတွေ့ရဘဲ ကြိမ်ချောင်းကျေးရွာမှ မရမာကြီး လူမျိုး(၂)ဦးဖြစ်သည့် နေစောထွန်းဦးနှင့် မောင်သာလှတို့အား ဒဏ်ရာအသီးသီးဖြင့် တွေ့ရှိခဲ့ကာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်သူ မောင်သာလှကို ကြိမ်ချောင်းဆေးရုံသို့ ချက်ချင်းပို့ခဲ့သည်။ ယင်းနောက်တွင် ဒဏ်ရာပြင်းထန်မှုကြောင့် မောင်တောဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု အထက်ပြူးမ ကျေးရွာအုပ်ရေးမှူး ဦးမင်းညိုက DMG ကိုပြောသည်။

“ မနေ့ညက သူတို့ကိုလိုက်ရှာရင်း အော်သံကြားပါတယ်။ ကျွန်တော်တို့ ရှာနေတဲ့သူတွေလို့ ထင်ခဲ့တယ်။ ကြည့်လိုက်တော့ ကြိမ်ချောင်းက မာရမာကြီးလူမျိုးတွေ ဖြစ်နေတယ်။ တစ်ဦးက ဦးခေါင်းဒဏ်ရာ ပြင်းထန်ပါတယ်။ ကြိမ်ချောင်းဆေးရုံကို ညချင်းပို့လိုက်ပါတယ်။ ဒဏ်ရာပြင်းတဲ့အတွက် ဒီနေ့ မောင်တော ဆေးရုံကို ယူသွားကြပါတယ်။ကျွန်တော်တို့ အထက်ပြူးမက ပျောက်နေသူ ၂ ဦးကတော့ အခုထိ ရှာမတွေ့သေးပါ။ သူတို့လှေနဲ့ ပိုက်တွေကိုတော့ တွေ့ထားပါတယ်။ အခုဆက်ရှာနေကြပါတယ်” ဟု ဦးမင်းညိုက ပြောသည်။

ဓားဖြင့် အခုတ်ခံရသူထဲမှ တစ်ဦးဖြစ်သူ နေစောထွန်းဦးက သူတို့ ငါးရှာနေစဉ် ဘင်္ဂါလီ (၆) ဦး လှေနှစ်စီးနှင့် လာပြီး ဓားဖြင့် ခုတ်ခဲ့သည်ဟု ဆိုသည်။ သူတို့ကို ဘင်္ဂါလီတို့က လှေများဖြင့် ရောက်လာကာ ခုတ်သတ်ခဲ့ ခြင်းဖြစ်သည်ဟု နေစောထွန်းဦးက ပြောသည်။

" ကျွန်တော်တို့ မျှောပိုက်ချနေကြတာပါ။ ညအချိန်မှာ ငါးပိုရလို့ပါ။ အဲဒီအချိန်မှာ  လှေနှစ်စီးလာတာ မြင်ပါတယ်။  ဘင်္ဂါလီ ၆ ဦးပါပါတယ်။ လူအရုပ်ကိုလည်း မှတ်မိပါတယ်။ လှေတစ်စီးမှာ ၃ ဦးစီပါ။ ကျွန်တော်တို့က ငါးရှာတဲ့ရခိုင်တွေ ထင်နေကြတာ။ အနီးကိုရောက်လာတော့မှ ဘင်္ဂါလီတွေမှန်းသိတယ်။ သူတို့လှေနှစ်စီးနဲ့ ကျွန်တော်တို့လှေကို ညှပ်ထားပြီး ဓါးနဲ့ဝိုင်းခုတ်ကြတယ်။ မောင်သာလှခေါင်းမှာ ထိပါတယ်” ဟု နေစောထွန်းဦးက ဆိုသည်။

ယင်းသို့ ဓားဖြင့် အခုတ်ခံနေရ၍ သူတို့အော်ဟစ် အကူအညီတောင်းမှုကြောင့် အထက်ပြူးမ ကျေးရွာသားများနှင့်ဆုံတွေ့၍ သေဘေးမှ လွတ်မြောက်သွားခြင်းဟု DMG ကို ပြောဆိုသည်။

“ ကျွန်တော်က ရေထဲခုန်ဆင်းပါတယ်။ မောင်သာလှလည်း ခုန်ဆင်းပြီး ကမ်းကို တက်ပြေးပါပါတယ်။ ဘင်္ဂလီတွေက ကမ်းပေါ်တက်လိုက်ပြီး ဓါးတွေနဲ့ခုတ်ကြပါတယ်။ ကျွန်တော့်ကို အော်ပြီး အကူအညီတောင်းရင်း ထွက်ပြေးတယ်။ မောင်သာလှက ဒဏ်ရာရထားတော့ မပြေးနိုင်ဘူး။ ဒါကြောင့် နောက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ကျွန်တော်တို့အော်သံကိုကြားလို့ အထက်ပြူးမကလူတွေ လိုက်ကြတော့ ဟိုကောင်တွေ လှေတွေနဲ့ ထွက်ပြေးသွားကြပါတယ်။ အထက်ပြူးမက လူတွေနဲ့သာမတွေ့ရင် ကျွန်တော်တို့ သေမှာသေချာပါတယ်”ဟု နေစောထွန်းဦးက ပြောသည်။

ဓားဖြင့် အခုတ်ခံရသူ နေစောထွန်းဦးလည်း မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

Author: ချလူးအောင်