နေရောင်မင်း(စစ်တွေ) / DMG
မောင်တောမြို့နယ်၊ မြို့မအနောက်ရပ်ကွက်၊ စည်ပင်သာယာဈေး အပေါ်ထပ်ရှိ ဆိုင်ခန်းတစ်ခုတွင် WY စိတ်ကြွဆေးပြား ၁၁၄၀၀၀၀ ပြား( ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၂၂၈၀၀၀၀၀၀၀ ကျပ်)အား ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
စည်ပင်သာယာဈေးအပေါ်ထပ်ရှိ မာမတ်ဆီဒိန်(စိစစ်ဆဲ) ငှားရမ်းဖွင့်လှစ်ထားသည့် သော့ခတ်ပိတ်ထားသော ဆိုင်ခန်းအမှတ်(1A-7)တွင် ဆာလာအိတ် ၃ အိတ်အတွင်း မားမားခေါက်ဆွဲဖာများဖြင့် ထည့်ထားသည့် မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
မောင်တော-ဘူးသီးတောင်သွားကားလမ်း၊ (၆)မိုင်စစ်ဆေးရေးဂိတ်၌ YGN 2J/------ Nissan UD ယာဉ်ပေါ်၌ မားမားခေါက်ဆွဲဖာများဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိသည့် ညီမျိုးသန့်နှင့် အာဇီဇူလောင်တို့ ၂ ဦး၏ အစစ်ခံထွက်ဆိုချက်များအရ ပူးပေါင်းအဖွဲ့က ရှာဖွေစဉ် ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်တောမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေး၍ ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။




