ဓာတ်ပုံ-ချလူးအောင်/DMG

 

ချလူးအောင်၊DMG

အောက်တိုဘာလ ၂၂၊မောင်တော

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုပမာဏ   လျော့နည်းလျက်ရှိသည်ဟု မောင်တောကုန်သည်ကြီးများအသင်း၏ ဒု-ဥက္ကဌ ဦးအောင်စံသိန်းကပြောသည်။

 ပြီးခဲ့သည့် သြဂုတ်လတွင်အမေရိကန်ဒေါ်လာ(၈၈၀၀၁၀.၈၀)၊ရှစ်သိန်းရှစ်သောင်းကျော်ထိ တင်ပို့နိုင်ခဲ့သော်လည်း စက်တင်ဘာလတွင်  ကုန်စည်တင်ပို့နိုင်မှု ပမာဏ အမေရိကန်ဒေါ်လာ(၆၃၇၆၈၉.၃၅၂)ခြောက်သိန်းသုံးသောင်းကျော်သာ တင်ပို့နိုင်ခဲ့သည်။

"ဒေါ်လာဈေးနဲ့ဆိုင်သလို လမ်းပန်းဆက်သွယ်ရေး နဲ့လည်း ဆိုင်ပါတယ်။ နောက်ပြီး မိုးတွင်းရာသီဖြစ်နေပါတယ်။ ဒါကြောင့် အရင် (၂)လမှာတော့ ကုန်သွယ်မှု တစ်လထက် တစ်လလျော့ကျနေတာဖြစ်ပါတယ် "ဟု မောင်တောကုန်သည်ကြီးများအသင်း၏ ဒု-ဥက္ကဌ ဦးအောင်စံသိန်းကပြောသည်။

ပွင့်လင်းရာသီရောက်လျှင်  ကုန်စည်တင်ပို့မူပမာဏ မြင့်တက်လာနိုင်ကြောင်း ဦးအောင်စံသိန်းက မျှော်မှန်းထားသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ အဓိကအားဖြင့် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ မတ်ပဲ၊ ကုလားပဲ၊ ချင်း(အစို)မကျည်သီး(အစိမ်း)၊ တညင်းသီး၊ ချင်း၊ နနွင်း၊ မြေပဲ(အခွံပါ)၊ ဇီသီးခြောက်၊ ကွမ်းသီး၊ ငါးမြစ်ချင်း၊ ငါးနီတူခြောက်၊ ငါးလေးခြောက်၊ဝါးများနှင့် ဇီးယိုထုတ်စသည့် ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတွင် အောက်တိုဘာလအတွက် ကုန်သွယ်မှုပမာဏလျာထားချက်မှာ ဒေါ်လာသန်း(၀.၅၅ )လျာထားကြောင်း သိရသည်။

 

Author: ချလူးအောင်