
(မော်လဝီဘော်နီရိုဟာမီနေအိမ်အတွင်းမှ ဖမ်းမိသည့် လိုင်း ၁၆ ခုကို အသုံးပြုနိုင်သော လမ်းလျှောက်စကားပြောစက် အလုံး ၄၀ အားတွေ့ရစဉ်။ ဓါတ်ပုံ - ချလူးအောင်/DMG)
ဇွန်လ ၁ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။ ။ မောင်တောမြို့နယ် ဇီးပင်ချောင်းကျေးရွာအုပ်စု ချောင်းကုလားကျေးရွာမှ မော်လဝီဘော်နီရိုဟာမီ (ဘ) ရှော်ဖီ၏ နေအိမ်သို့ ရှောင်တစ်ခွင့် ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်း ဆာလာအိတ်နှင့် ထုတ်ထားသော လိုင်း ၁၆ ခုကို အသုံးပြုနိုင်သော လမ်းလျှောက်စကားပြောစက် အလုံး ၄၀ နှင့် ဆက်ပစ်ပစ္စည်းများဖြစ်သော ဘတ္ထရီ ၃၆ ခု၊ အားသွင်းခုံ ၄ဝ ခု၊ ဆက်သွယ်ရေးတိုင် ၄ဝ ချောင်းနှင့် ဗူးခွံ ၁၀ ခုတို့အား ဖမ်းဆီးရမိခဲ့ကြောင်း မောင်တော နယ်မြေ (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဇီးပင်ချောင်းကျေးရွာအုပ်စု တာဝန်ကျ စစ်ကင်းမှူး ဦးစီးအဖွဲ့နှင့်လိပ်ရအပိုင် နယ်မြေ (၄) နယ်ခြေားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဇေယျာလင်း ဦးစီးအဖွဲ့တို့သည် သတင်းအရ မေလ ၃၁ ရက်နေ့ ၁၀ နာရီအချိန်တွင် ချောင်းကုလားချောင်းကျေးရွာကို ရှောင်တခွင့် ရှာဖွေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မော်လဝီ ဘော်နီရိုဟာမီ၏ ဇနီးဖြစ်သူ ဘော်မီဒါ (ဘ) နူမာမောက် အသက် ၃၀ နှစ်နှင့် ၄င်း ကလေး ၃ ဦးအား တွေ့ရှိရပြီး မော်လဝီဘော်နီရိုဟာမီမှာ နေအိမ်တွင်မရှိဘဲ တိမ်းရှောင်နေကြောင်း၊ အဆိုပါ ပစ္စည်းများမှာ မော်လဝီဘော်နီရိုဟာမီနှင့် အကြမ်းဖက်ဘင်္ဂလီအုပ်စုများ အချင်းချင်း ဆက်သွယ် အသုံးပြုရန် ထားရှိသော ပစ္စည်းများဖြစ်နိုင်ကြောင်း ၄င်းတာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။
အဆိုပါ ဇီးပင်ချောင်းကျေးရွာအုပ်စု တစ်ဝိုက်အား နယ်မြေ (၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး လင်းထွဋ်မြင့်က ဦးစီးပြီး တရားခံနှင့် ဆက်စပ်သူများကို ရှာဖွေဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။




