နေရောင်မင်း(စစ်တွေ)/DMG
မတ်လ ၁၈၊ စစ်တွေ
ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော ARSA အဖွဲ့၏ တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ် ထပ်မံစိစစ်အတည်ပြုရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းလိုက်ပြီး ယနေ့(မတ်လ ၁၈ ရက်)က စတင်စစ်ဆေး ဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ် အကြံပြုတင်ပြချက်များအရလည်းကောင်း၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့Fact Finding Mission တို့၏ စွပ်စွဲရေးသားဖော်ပြသော အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုတင်ပြချက်များ အရလည်းကောင်း အစီရင်ခံစာအသီးသီး၏ ရေးသားဖော်ပြချက်များကို ထပ်မံစိစစ် အတည်ပြုရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် ARSA အဖွဲ့က ရဲကင်းစခန်းများနှင့် ကျေးရွာများကို ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် တိုက်ခိုက်မှုများကို ဖော်ထုတ်ရန်၊ ယူဆောင်သွားသော လက်နက်ခဲယမ်းများ ပြန်လည်ရရှိစေရန်နှင့် ဒေသခံများ၏ လုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ARSA အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ရာ၌ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် ညွှန်ကြားချက်တစ်ရပ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က သက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များသို့ ညွှန်ကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ၂၀၁၇ ခု၊ အောက်တိုဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးခဲ့ပြီး ဖော်ထုတ်ချက်များအရ နယ်မြေဒေသလုံခြုံရေးအတွက် ကွပ်ကဲစီမံအုပ်ချုပ်ဆောင်ရွက်မှုနှင့် လုံခြုံရေးသတင်းများ ကြိုတင်လက်ဦးဖော်ထုတ်ရယူနိုင်မှု အားနည်းချက်များကိုလည်း တွေ့ရှိရသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများကိုလည်း လိုအပ်သလို အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးတွင် ဗိုလ်ချုပ်မြတ်ကျော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဗိုလ်မှူးကြီး ကျော်ကျော်နိုင်၊ ဗိုလ်မှူးကြီးသန်းနိုင်တို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။




