(မောင်တောဒေသသို့ အခြေချနေထိုင်ရန် လာရောက်သူ မိသားစုတစ်စုအား တွေ့ရစဉ်။ ဓါတ်ပုံ - စိမ်းကိုကို/DMG)

ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။    ။   မောင်တောမြို့နယ် တောင်ပိုင်းဒေသဖြစ်သည့် သင်္ဘောကွေ့ကျေးရွာတွင် အခြေချနေထိုင်ရန် ရခိုင်ပြည်နယ်အတွင်းက လာရောက်ကြသော ရခိုင်တိုင်းရင်းသားများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပြောင်းရွှေ့ပေးရန် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က လာရောက် မောင်းထုတ်ကြောင်း အခြေချနေထိုင်သူများက DMG သို့ ပြောသည်။

မောင်တောခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ အင်းဒင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က သင်္ဘောကွေ့ကျေးရွာနှင့် ရွာသစ်ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်းသို့ ရောက်ရှိလာပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် နေထိုင်ခွင့်မပေးနိုင်ကြောင်း၊ ဆက်လက်နေထိုင်ပါက လိုအပ်သလို အရေးယူဆောင်ရွက်မည်ဟု ပြောဆိုသွားကြောင်း အခြေချနေထိုင်သူ ဦးထွန်းမြင့်ဦးက ပြောသည်။

“ ဒီရွာကနေ ထွက်ပေးရမယ်။ မထွက်ပေးရင် ဘိုဒူဇာနဲ့ ထိုးမယ်။ အရင်က ရခိုင်ရွာတွေရှိခဲ့တာလည်း ချီးခြောက်ရေနှုံး လုပ်မနေနဲ့။ ရခိုင်သားတွေ အသုံးမကျခဲ့လို့ ဒီနေရာဒီဒေသကို ကုလားတွေဝင်ခဲ့တာ။ အခုအချိန်မှာ ပြန်လိုချင်လို့ မရဘူးလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။ အမျိုးသားရေးလည်း လုပ်ဖို့ စိတ်မကူးကြနဲ့တဲ့ အိမ်မှာ စားစရာမရှိဘူးဖြစ်နေမယ်။ အော်နေရင်လည်း အလားကားပဲလို့ ပြောပါတယ်။ ” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၅ နှင့် ၂၆ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့တံဆိပ်ပါ ကား ၄ ဦးစီး ရွာထဲသို့ ဝင်လာပြီး အိပ်ထောင်စု ၄၀ ခန့် လူဦးရေး ၁၀၀ ကျော်ကို ခေါ်ယူကာ အင်ဒင်ကျေးရွာဘက်သို့ ပြောင်းရွှေ့လိုက်ကြောင်း၊ လက်ရှိ သင်္ဘောကွေ့ကျေးရွာမှာ အိမ်ထောင်စု ၂၀ ကျော်သာ ကျန်ရှိပြီဖြစ်ကြောင်း ဦးထွန်းမြင့်ဦးက ပြောသည်။

ပြောင်းရွှေခံရသော အခြေချနေထိုင်သူများမှာလည်း အင်းဒင်ရဲစခန်းအပြင်ဘက်မှာ နေထိုင်ရသောကြောင့် အန္တရာယ်တံတိုင်း ကာထားသလို ဖြစ်နေသည်ဟု ၄င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အခြေချနေထိုင်သူများကိုယ်စား ဦးထွန်းမြင့်ဦးက ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေထံ တိုင်ကြားထားကြောင်း သိရသည်။

ဦးအောင်သောင်းရွှေကလည်း “ သင်္ဘောကွေ့က လူတွေ ပြောင်းရွှေ့ခံရတဲ့ ကိစ္စ ကျနော်ဆီတိုင်ထားပါတယ်။ ကျနော် လူကယ်ပြန်ဌာနကို မေးပါတယ်။ ဒီလိုပြောင်းရွှေ့ဖို့၊ မောင်းထုတ်ဖို့ ညွှန်ကြားထားတာရှိသလားလို့ မေးပါတယ်။ လူကယ်ပြန်ဝန်ကြီးက ညွှန်ကြားထားတာ မရှိဘူးလို့ ပြောပါတယ်။ မောင်တောခရိုင်ထွေအုပ်က အောက်ခြေမှာ လုပ်နေတာဖြစ်တယ်။ ကျနော်လည်း စုံစမ်းနေပါတယ်။ အခုတော့ ခရီးလွန်နေလို့ အသေးစိတ် မသိရသေးပါဘူး။ ” ဟု ပြောသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကို DMG က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။ ဆက်လက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်နိုင်ခဲ့သော်လည်း အလုပ်မအားသောကြောင့် သင်္ဘောကွေ့မှ အခြေချနေထိုင်သူများ ပြောင်းရွှေ့ခံရခြင်းကိစ္စကို မသိခဲ့ရပေ။

မောင်တောတောင်ပိုင်း သင်္ဘောကွေ့ကျေးရွာတွင် အခြေချနေထိုင်သူများမှာ သံတွဲ၊ ဂွ၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်များက ဒေသခံများဖြစ်ပြီး မွန်တိုင်းရင်းသား အိမ်ထောင်စု နှစ်စုလည်း ပါဝင်ကြောင်း သိရသည်။

မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဥပဒေလမ်းကြောင်းအရ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမပေးဘဲ ဘင်္ဂါလီများနေထိုင်ခဲ့သည့် ရွာများဖြစ်လို့သာ ပြောင်းရွှေ့ရမည်ဆိုလျှင် အစိုးရက မောင်တောဒေသသို့ လာရောက်နေထိုင်ကြရန် ဖိတ်ခေါ်ခြင်းသည် ဟန်ပြအဖြစ်သာရှိသည်ဟု အခြေချနေထိုင်သူများက ပြောဆိုနေကြသည်။

 

(အခြေချနေထိုင်သူများကိုယ်စားလှယ် ဦးထွန်းမြင့်ဦးက ဘူးသီးတောင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ့ထံ တိုင်ကြားထားသည့်စာ။ ဓါတ်ပုံ - ဖေ့စ်ဘုတ်စာမျက်နှာ)

Author: နေရောင်မင်း(စစ်တွေ)