
မင်းထွန်း၊ DMG
စက်တင်ဘာ ၁၅၊ မောင်တော
မောင်တော နှင့် ဘူးသီးတောင်တွင် နေထိုင်သည့် ဆယ်တန်းအောင်၊ဘွဲ့ရ ဘင်္ဂလီများကို နေ့စား၊လပေး သင်ကြားရေး အကူဆရာ၊ဆရာမများအဖြစ် ခန့်အပ်နိုင်ရန်အတွက် စာရင်းကောက်ခံခဲ့ရာ ဦးရေ (၄၀၀) ကျော်ခန့် ကောက်ခံရရှိကြောင်း မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က ပြောသည်။
ဘူးသီတောင်မှာ ဘင်္ဂလီဆယ်တန်းအောင်၊ ဘွဲ့ရ ဦးရေ (၃၀၀) ကျော်ခန့် ကောက်ခံရရှိပြီး မောင်တောမှ ဦးရေ (၁၅၀) ကျော်ခန့် စာရင်းကောက်ခံရရှိခဲ့သည်။ စာရင်းကောက်ခံရာတွင် ရသေ့တောင်မြို့နယ်ပါဝင်သော်လည်း လတ်တလောတွင် စာရင်းအတိအကျ မသိရသေးကြောင်း ဦးခင်အောင်ကဆိုသည်။
အဆိုပါ အစီအစဉ်အား ပညာရေးဝန်ကြီးဌာနက ညွှန်ကြားခြင်းဖြစ်ပြီး ယခုလ ၁၀ ရက်နေ့က စတင်ကာ ကောက်ခံခဲ့ခြင်းဖြစ်ကာ ယနေ့ (စက်တင်ဘာလ ၁၅ ရက်နေ့)တွင် ရခိုင်ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် ဒုတိယပညာရေးမှူး ဦးစိန်လှထွန်းက “အထက်ရဲ့ ညွှန်ကြာချက်အရ စာရင်းတော့ ပြုစုနေပါတယ်။ စာရင်းတွေတော့ (ပြည်နယ်ပညာရေးမှူးရုံးကို)မတက်လာသေးဘူး။”ဟု ၎င်းက ပြောကသည်။
အဆိုပါ ဘင်္ဂလီများသည် ဘင်္ဂလီကျေးရွာများတွင် ပညာသင်ကြားရမည်ဖြစ်သည်ဟု ကနဦး သတင်းများ အရသိရသည်။




