နိုဝင်ဘာ ၁ ရက်၊ ၂၀၁၇ ခုနှစ်။   ။   မောင်တောဒေသတွင် ဒိုင်းနက်ကျေးရွာများ သီးသန့်တည်ဆောက်ပေးရန် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ (DNDP) က သဘောထားထုတ်ပြန် တောင်းဆိုသည်။

အကြမ်းဖက်မှုဒဏ်ကို ခံခဲ့ရသည့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် အစိုးရမှ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး ယင်းလုပ်ငန်းစဉ်များထဲတွင် ထည့်သွင်းစီစဉ်ပေးဖို့ DNDP က တောင်းဆိုခြင်းဖြစ်သည်။

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ဒိုင်းနက်စုစုပေါင်း သုံးသောင်းကျော်ရှိပြီး မောင်တောဒေသတွင် တစ်ရွာလျှင် လူဦးရေ ၅၀၀ ခန့်နေထိုင်နိုင်သည့် ကျေးရွာ ၆ ရွာခန့် တည်ဆောက်ပေးရန် တောင်းဆိုသည်ဟု ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ (DNDP)မှ ဥက္ကဌ ဦးအောင်ကျော်ဇောက ပြောသည်။

“ တိုင်းရင်းသားကျေးရွာတွေ ပြန်လည်နေရာ ချထားပေးမယ်ဆိုရင် ကျနော်တို့ ဒိုင်းနက်ဆိုရင် ဒိုင်းနက်ရွာပေါ့နော် သီးသန့် အနည်းဆုံး နှစ်ရွာနဲ့အထက် လူဦးရေ ၅၀၀၊ ၁၀၀၀ နေလို့ရတဲ့ ရွာတွေပေါ့။ တစ်ရွာနဲ့တစ်ရွာ အနီးကပ် ဝေးတဲ့ နေရာမဟုတ်ဘဲနဲ့ တစ်မိုင်အကွာစီ တိုင်းရင်းသားကျေးရွာတွေ တည်ဆောက်ပေးဖို့။ လမ်း၊ ဆေးခန်း၊ ဆေးရုံ၊ မီး စတာတွေကို လုပ်ပေးပြီးတော့ပေါ့။ ကျနော်တို့က ကုလားတွေနဲ့ အတူတကွာ မနေနိုင်ဘူးလေ။ ကုလားရွာတစ်ရွာမှာ တိုင်းရင်းသားရွာ ၅ ရွာလောက်ရှိပြီး ကုလား တစ်ဆမှာ တိုင်းရင်းသား ၅ ဆလောက်ရှိတဲ့ အနေအထားမျိုးဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုပါတယ်။ ” ဟု ပြောသည်။

ပြီးခဲ့သည့် ARSA အစွန်းရောက် ဘင်္ဂလီများ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒိုင်းနက် လူမျိုး ၈ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျောက်ဆုံးနေသူများ ရှိကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

“ အစိုးရက ဘူးသီးတောင်၊ မောင်တောဘက်မှာ ဘယ်လောက်ပဲ အေးချမ်းပါတယ်ပြောပြော ကျနော်တို့ တိုင်းရင်းသားတွေက နယ်မြေအေးချမ်းတယ်လို့ မယုံကြည်ဘူးခင်ဗျာ။ ကုလားတွေက တောထဲမှာ သေနတ်ကိုင်ပြီးတော့ ရှိနေတယ်။ တနေရာရာမှာပေါ့နော်။ သူတို့စုံပြုံပြီးရှိနေတယ်။ တစ်ရက်ရက်တစ်ချိန်မှာ အခွင့်သာရင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသကို ပြန်လည်တိုက်ခိုက်မယ်ဆိုတာကို ကျနော်တို့ပါတီက ယုံကြည်ပါတယ်။ ” ဟု ပြောသည်။

အစိုးရနှင့် တပ်မတော်ဘက်ကလည်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ဒေသတည်ငြိမ်အေးချမ်းလာပြီဟု ပြောဆိုပြီး ဒုက္ခသည်များကို မိမိနေရပ်သို့ ပြန်သွားခိုင်းနေသည့်အတွက် လက်ရှိမှာတည်ငြိမ်မှု မရှိသေးကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုလေးများ ကောင်းကောင်းမွန်မွန် လုပ်စားနိုင်အောင် တပ်မတော်က လုံခြုံရေးကို တိုက်ရိုက်ကာကွယ်ပေးရန် လိုအပ်ကြောင်း ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီက တောင်းဆိုထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် RSO အဖွဲ့ဟု ယူဆရသည့် လက်နက်ကိုင်ဘင်္ဂါလီ ၁၅ ဦးခန့်က ပစ်ခတ်သဖြင့် အောင်သပြေကျေးရွာမှ ဒိုင်းနက်လူမျိုး အမျိုးသား နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

(ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် RSO အဖွဲ့ဟု ယူဆရသည့် လက်နက်ကိုင်ဘင်္ဂါလီ ၁၅ ဦးခန့်က ပစ်ခတ်သဖြင့် အောင်သပြေကျေးရွာမှ ဒိုင်းနက်လူမျိုး အမျိုးသား နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ ၄င်းတို့၏ မိသားစုဝင်များအား တွေ့ရစဉ်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

 

Author: နေရောင်မင်း(စစ်တွေ)