
(ဘူးသီးတောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းအောင်သိန်းက မောင်တောဒေသ လုံခြုံရေးနှင့်ပတ်သက်ပြီး အရေးကြီးအဆိုတင်သွင်းနေစဉ်။ ဓါတ်ပုံ - ဖဒူ ထွန်းအောင်/DMG)
ဇူလိုင် ၁၁ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။ ။ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ရခိုင်တိုင်းရင်းသားနှင့် မျိုးနွယ်စုဝင် လူနည်းစု (မွေးရာပါနိုင်ငံသား) များအား ယခုအခြေအနေထက် ပိုမိုပြည့်စုံပြီး အာမခံချက်ပေးနိုင်သည့် ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ဇူလိုင်လ ၁၁ ရက်နေ့၌ ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် ရခိုင်ပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်သည်။
မောင်တောဒေသ လုံခြုံရေးဆိုင်ရာ အစီအမံများ အကောင်အထည် ဖော်ဆောင်ရေး အဆိုအား ဇွန်လ (၃၀)ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ဘူးသီးတောင်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းအောင်သိန်းက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
“ အခုအခါ ဘင်္ဂလီအချင်းချင်း သတ်ဖြတ်မှုမှ တိုင်းရင်းသားတွေကို အကြမ်းဖက် သတ်ဖြတ်မှုအဖြစ် ပြောင်းလဲလာနေပြီးလည်း ဖြစ်ပါတယ်။ လုံခြုံမှုပေးနိုင်တဲ့ အခြေအနေမှာလည်း တိုင်းရင်းသားတွေ လုံခြုံမှုထက် မိမိတပ်ဖွဲ့စခန်းတွေ လုံခြုံမှုကိုသာ အထူးအလေးထားနေသကဲ့သို့ ဒေသခံတွေ က ခံစားနားလည်နေကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒေသခံများ အနေနဲ့ မိမိတို့ လုံခြုံရေးနဲ့ ပက်သတ်လို့များစွာ သံသယဖြစ်လျက်ရှိတာကို တွေ့နေရပါတယ် ။ပွင့်ပွင့်လင်းလင်း တင်ပြရရင် ယနေ့ရှိနေတဲ့ ကာကွယ်ရေးလုံခြုံရေး အစီအမံတွေဟာ ဌာနေတိုင်းရင်းသားလူနည်းစုတွေရဲ့ လူမှုဘဝ လုံခြုံရေးနဲ့ ရပ်တည်ရှင်သန်ရေးကို အာမခံချက်မပေးနိုင်ဘူးဆိုတာ များစွာသေချာ ထင်ရှားလျက်ရှိပါတယ်။ ” ဟု ၎င်းကပြောဆိုသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မောင်တောခရိုင်တွင် ရဲတပ်ဖွဲ့ဝင်အား အရာရှိများနှင့်အခြား တပ်ဖွဲ့ဝင်ပေါင်း ၃၀၀ နီးပါးချပေးထားလျက်ရှိပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအနေဖြင့် အမှတ် (၁)နယ်ခြားစောင့် ကွပ်ကဲရေးမှူးရုံး၏လက်ရှိအင်အား (၁၀၀)နီးပါးနှင့်အမှတ်(၁) နယ်ခြားစောင့်ကွပ်ရေးမှူးရုံး လက်အောက်တွင်ရှိသော ရဲကင်းများ၊ ရဲစခန်းများတွင် တပ်ဖွဲ့ဝင်ပေါင်း (၂၀၀၀) ကျော်နှင့် တပ်မတော်တို့က လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ဖွဲ့ဝင်အသစ် များကိုလည်း သင်တန်းများပေးပြီး မောင်တောဒေသများတွင် တာဝန်ပေးအပ် ထားသည့်အတွက် ဒေသခံများအနေဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လျက်ရှိသောကြောင့် ယင်းအရေးကြီးအဆိုအား မှတ်တမ်းတင်အဖြစ် ထားရှိရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သဘောထားအား ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့ကြသည်။
“ စစ်တွေခရိုင်မှာဆိုလို့ရှိရင် တပ်ဖွဲ့ဝင်အင်အား (၅၀၀)ကျော်ရှိပါတယ်။ စစ်တွေခရိုင်နဲ့ မောင်တောခရိုင် နှိုင်းယှဉ်လိုက်ရင် မောင်တောခရိုင်မှာ ရဲတပ်ဖွဲ့ဝင်အင်အား လေးဆပိုပြီးတော့ လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ထားရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အဆိုမှာပါတဲ့ အကြမ်းဖက်မှု နေ့တိုင်းဖြစ်ပေါ်လျက်ရှိတယ်ဆိုတဲ့အချက်ဟာ တရားစီရင်ချက်ဆောင်ရွက်ထား တာတွေနဲ့ ကွဲလွဲနေတာ တွေ့ရပါတယ်။ မောင်တောဒေသမှ ဒေသခံတွေဟာ တည်ငြိမ်းအေးချမ်းစွာ လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်နေကြပါတယ်။ တစ်ချို့မီဒီယာတွေမှာ ဒေသခံ ၂၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေကြရတယ်ဆိုတာဟာ ကောလဟာလတွေသာဖြစ်ပါတယ်။ စပါးစိုက်ပျိုးရာသီနဲ့ ရိတ်သိမ်းချိန်ကာလတွေမှာ ပြည်သူတွေရဲ့ လိုချက်တွေကို ကြိုတင်လုပ်ဆောင် ထားတာကို ပြည်သူတွေ သိလာရင် မောင်တောဒေသမှာ တည်ငြိမ်အေးချမ်း လာမှာဖြစ်ပါတယ်။ ” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကပြောဆိုသည်။
မောင်တောဒေသသည် ခိုးဝင်ဘင်္ဂလီများ၏ လူဦးရေ တိုးပွားမှု၊ လူဦးရေးထိန်းချုပ်မှု မရှိသောကြောင့် အဆမတန် လူဦးရေးများပြားလာပြီး နယ်မြေချဲ့ထွင်လာခြင်း၊ ဘာသာရေးကိုအခြေခံပြီး လုံခြုံရေးပျက်ပြားအောင် ဆောင်ရွက်လာခြင်းတို့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း လာခြင်းတို့ကို ထိပါးခြင်းဖြစ်ကြောင်းနှင့် နယ်စပ်မလုံခြုံမှုများကြောင့် ထွက်ပြေးတိမ်းရှောင်မှုများ လက်တွေ့တွင် အမှန်တကယ် ဖြစ်ပျက်လျှက်ရှိနေသည်။ လုံခြုံရေး၊ တရားဥပဒေစိုးမိုးမှုများကို အစိုးရအနေဖြင့် လုံလောက်စွာ ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ဒေသခံတိုင်းရင်းသားများမှ စိုးရိမ်မှုများ ဖြစ်နေရပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးမှုများကို လုံလောက်စွာ ပြုလုပ်ရန်လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ဦးသန်းနိုင်က အဆိုနှင့်ပတ်သတ်၍ ထောက်ခံပြောဆိုသွားခဲ့သည်။
“ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ နေထိုင်နေရသူတွေဟာ နေ့တိုင်းစိုးရိမ်ထိလန့် နေရပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အာမခံချက်ကို အစိုးရက လုံလောက်စွာ မပေးနိုင်မှုကြောင့်လို့ ယူဆပါတယ်။ ကျနော်တို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေဟာ ငါးရှာ၊ ထင်းခုတ်၊ လယ်လုပ်တဲ့ နေရာကိုတောင် မသွားရဲဘဲ ကိုယ့်အိမ်ထဲမှာ နေနေရပါတယ်။ နယ်စပ်လုံခြုံရေးကို အဓိကတာဝန်ယူနေတဲ့ လုံခြုံရေးရဲတွေဟာလည်း ကျနော်တို့ လေ့လာစုံစမ်းကြည့် သလောက်ဆိုရင် နယ်မြေဒေသမကျွမ်းကျင်ဘဲ လာရတဲ့သူတွေ၊ ဘင်္ဂလီကျေးရွာတွေမှ ဘင်္ဂလီစရိတ်တွေကို မသိတဲ့သူတွေ ရခိုင်တွေရဲ့ စရိတ်လက္ခာကိုမသိတဲ့သူတွေ ပိုများနေတာကို ကျနော်တို့ လေ့လာစုံစမ်းတွေ့ရှိရပါတယ်။ အဲဒါကြောင့်လည်း သတင်းစုံစမ်းရယူစုဆောင်းခြင်း အားနည်းခြင်းတို့အပြင် လာတ်ပေးပြီး လုပ်ဆောင်မှုတွေကို လေ့လာတွေ့ရှိရပါတယ်။ ” ဟု ၎င်းက ပြောကြားသည်။
ရခိုင်ပြည်နယ်၊ မောင်တော၊ ရသေ့တောင်တွင် အကြမ်းဖက်မှုအန္တရာယ်တွေကို ကာကွယ်နိုင်ရန် အတွက် ဒေသခံများကို ပြည်သူ့စစ်ဖွဲ့ဖွဲ့၍ အဆင့်မှီလက်နက် တပ်ဆင်ပေးရန်အတွက် မောင်တောဒေသခံများက အစိုးရအားတောင်းဆိုထားသည်။
မောင်တောဒေသတွင် အကြမ်းဖက်ဘင်္ဂလီများသည် ပြည်ပနိုင်ငံအဖွဲ့အစည်းများက လက်နက်များနှင့် ငွေကြေးထောက်ပံ့မှုများ ရယူပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို အခြေအနေမတည်ငြိမ်အောင် ရည်ရွယ်ပြီး ခြိမ်းခြောက်အကြမ်းဖက်မှုများ ပြုလုပ်နေကြသည့်အတွက် ရခိုင်တိုင်းရင်းသားများ စိုးရိမ်မှုများ၊ နေရပ်စွန့်ခွာပြီး ပြောင်းရွှေမှုများ ပြုလုပ်လာကြသည်ဟုလည်း မောင်တောဒေသခံများက ပြောဆိုကြသည်။
မောင်တောဒေသတွင် အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၄၁ ဦး သေဆုံးသွားခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂၃ ဦး ပျောက်ဆုံးနေကြောင်းနှင့် ယင်းဒေသတွင် လက်ရှိအချိန်ထိ အကြမ်းဖက်မှုများ ဆက်တိုက်ပေါ်ထွက်လျှက်ရှိသည်။





