
(ဘူးသီးတောင်၊ မောင်တောဒေသတွင် ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့သော လူသားချင်းစာနာေ
ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ။ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နိုင်ရန် UEHRD ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်
HCYT အဖွဲ့သည် ပြည်သူ့အတွက်လူငယ် ရက် ၂၀ အစီအစဉ်ဖြင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ ပထမအသုတ်နှင့် ဒုတိယအသုတ်တို့ကို ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့သည်။
ယခု တတိယအသုတ်အနေဖြင့် ကူညီကယ်ဆယ်ရေးများပြုလုပ်နိုင်ရန် စေတန့ာဝန်ထမ်းလုပ်မည့် လူငယ်များကို တစ်နိုင်ငံလုံးမှ ခေါ်ယူနေခြင်းဖြစ်ကြောင်း HCYT ဗဟိုညှိနှိုင်းရေးတာဝန်ခံလူငယ် ကိုထက်ပိုင်စိုးက ပြောသည်။
“ ကျနော်တို့က အားလုံးနေရာက ခေါ်မှာပါ။ ကျနော်တို့ သတ်မှတ်ထားတဲ့ အရည်အချင်းသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူပေါ့။ အရည်အချင်းသတ်မှတ်ချက်ဆိုတာက ကျန်းမာရေးကောင်းရမယ်။ ပဋိပက္ခဒေသတွေကို ချဉ်းကပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့သူပေါ့။ ဘာသာရေး၊ လူမျိုးရေး အစွဲမရှိတဲ့ သူမျိုး။ ခရီးကြမ်းတမ်းတဲ့ ဒဏ်ကို ခံနိုင်တဲ့သူမျိုး၊ စေတနာ့ဝန်ထမ်းလုပ်နိုင်တဲ့သူ၊ စိတ်ရှည်တဲ့သူ၊ အတွေ့အကြုံရှိတဲ့သူ အဲဒါတွေပါ။ ” ဟု ပြောသည်။
HCYT ၏ ပြည်သူ့အတွက် ရက် ၂၀ အစီအစဉ်မှာ တစ်သုတ်လျှင် လူငယ် ၄၀ ဦးခေါ်ယူပြီး ယခု တတိယအသုတ်အတွက် လျှောက်လွှာလက်ခံခြင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့ကို နောက်ဆုံးသတ်မှတ်ထားပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ သင်တန်းတက်ရမည်ဖြစ်သည်။
“ ကျနော်တို့က ဘူးသီးတောင်၊ မောင်တောကို သွားမယ်။ ရောက်တာနဲ့ ပထမနဲ့ ဒုတိယအသုတ်မှာ မပါခဲ့တဲ့ ရွာတွေ၊ နောက်ထပ်ရွာတွေ စာရင်းကောက်မယ်။ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေဝေမယ်။ စာရင်းကောက်မယ်ဆိုတာက လိုအပ်နေတာဘာလဲ၊ အခြေခံလိုအပ်ချက်တွေပေါ့။ ကျနော်တို့က ကယ်ဆယ်ရေးပေးတယ်ဆိုတာ ရေတိုပေးတာ။ ဒါကြောင့် ရေရှည်မှာ သူတို့အတွက် ဘာတွေ လုပ်နေလဲ၊ ရေရှည်ရပ်တည်ဖို့အတွက် ဘာတွေက အထောက်အပံ့ဖြစ်မလဲ အသုံးအဆောင်ပစ္စည်းတွေပေါ့။ ကောက်ယူမှာပါ။ ” ဟု ပြောသည်။
ဘူးသီးတောင်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ကူညီကယ်ဆယ်ရေးများ ပြုလုပ်ရန် စေတနာ့ဝန်ထမ်းလုပ်မည့် လူငယ်များအနေဖြင့် HCYT ၏ Facebook စာမျက်နှာတစ်ဆင့် လျှောက်လွှာများကို ဒေါင်းယူလျှောက်ထားနိုင်ကြောင်း သိရသည်။




