လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လှည့်ကင်းဆောင်ရွက်နေစဉ်

 

 ခိုင်ရိုးလ၊ DMG

အောက်တိုဘာ ၁၃၊ မောင်တော

ရခိုင်ပြည်နယ် မောင်တောဒေသသည် တည်ငြိမ်အေးချမ်းရေး လုံခြုံရေးတို့မှာ လုံးဝ စိတ်ချမရနိုင်သေးကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အောက်တိုဘာလ ၁၂ ရက်နေ့ အစိုးအဖွဲ့ရုံးခန်းမ၌ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

 

၂၀၁၇ ခုနှစ်တွင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရဲလုံခြုံရေးတပ်စခန်းများနှင့် ဒေသခံတိုင်းရင်းသားများအား ARSA အဖွဲ့မှ အကြမ်းဖက်မှုများပြုလုပ်ခဲ့သည့်အတွက် ယခုအချိန်ထိ မောင်တောဒေသကို လုံးဝတည်ငြိမ်သွားပြီဟု ပြောဆိုမရနိုင်သေးကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ပြောသည်။

 

“ မောင်တောဒေသဟာ လုံးဝတည်ငြိမ်အေးချမ်းပြီးတော့  လုံးဝလုံခြုံမှုစိတ်ချရတယ်လို့ ပြောလို့ရတဲ့ အနေထားတော့မဟုတ်ပါဘူး။  အချိန်မရွေး ပြဿနာဖြစ်လာနိုင်တာတွေ အခြေနေတွေ အမျိုးမျိုးဖြစ်လာနိုင်တာတွေ အနေအထား ဖြစ်ပါတယ် ”ဟုပြောသည်။

 

လက်ရှိတွင် ပြည်နယ်အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးကဏ္ဍကို အမြဲတမ်းဂရုတစိုက် ဆောင်ရွက်နေပြီး  ရဲတပ်ဖွဲ့၊ တပ်မတော် အင်အားများကို ဖြည့်ပေးနေသည်ဟု ဦးညီပုက ဆိုသည်။

 

“ ကျွန်တော်တို့ တာဝန်ယူနေစဉ်ကာလမှာ မမျှော်လင့်ဘဲ မောင်တောဒေသရဲ့ အကြမ်းဖက်မှုဖြစ်စဉ်ဟာ သတ်သတ်ဖြစ်လာတဲ့အတွက် ကျွန်တော်တို့မှာ တော်တော်လေးကို ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရတာရှိပါတယ်။ ဒီအပေါ်မှာ  နိုင်ငံတော်တိုင်ပင်ခံကိုယ်တိုင် ဦးဆောင် ဆောင်ရွက်နိုင်ခဲ့လို့ အမြန်ဆုံး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။  အထူးသဖြင့် လုံခြုံရေးကဏ္ဍကို  အမြဲတမ်းဂရုတစိုက် ဦးစားပေး ဆောင်ရွက်ပါတယ် ”

 

မောင်တောဒေတွင် လက်ရှိအချိန်ထိ မကြာခဏဆိုသလို အကြမ်းဖက်သတ်ဖြတ်မှုများဖြစ်ပေါ်နေပြီး ဒေသခံများမှာ စိုးရိမ်မှုများရှိသည်။ ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အကြမ်းဖက်သမား ၃၀၀ ကျော်ခန့် ဝင်ရောက်တိုက်ခိုက်ရန်စီစဉ်နေကြောင်း အိန္ဒိယထောက်လှမ်းရေးအစီရင်ခံစာကို ကိုးကားပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက ဖေါ်ပြခဲ့ကြသည်။