
ချလူးအောင်၊ DMG
အောင်တိုဘာ ၂၉၊ မောင်တော
အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် လက်ရှိမြေပြင်အနေအထားများအား သတင်းရယူရန် အတွက် အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ သွားရောက် ခဲ့ကြသည်။
အဆိုပါသတင်းမီဒီယာများနှင့် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးတို့တွေ့ဆုံစဉ် ၎င်းဒေသအပေါ် ပြည်တွင်းနှင့် ပြည်ပမှာ အမြင်များကွာခြားနေမှုနှင့်စပ်လျဉ်းသည့် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အပေါ် မောင်တော မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးမြင့်ခိုင်မှ မြေပြင်အခြေအနေအား မှန်ကန်စွာသုံးသပ်ရန်လိုအပ်ကြောင်း ပြောဆို လိုက်ခြင်းဖြစ်သည်။
ဦးမြင့်ခိုင်က “မောင်တောဒေသနဲ့ ရခိုင်ပြည်နယ်အကြောင်းကို ပြည်တွင်းနဲ့ပြည်ပ အမြင်ကွာခြားနေတာက ဒီဒေသအကြောင်းကို ဂဃဏနမသိလို့။ နံပါတ်တစ်က ဂဃဏနသိအောင်လေ့လာပြီးတော့ မြေပြင်အခြေ အနေကို မှန်မှန်ကန်ကန်လေ့လာသုံးသပ်နိုင်ဖို့လိုပါတယ်” ဟု ပြောသည်။
ထို့အပြင် မောင်တောဒေသအတွင်း လွတ်လပ်စွာသတင်းရယူခွင့်၊ လွတ်လပ်စွာ သတင်းအချက်အလက် ရှာဖွေခွင့်များ ဖြစ်နိုင်မှုရှိ၊ မရှိဆိုသည့် သတင်းထောက်များ၏မေးမြန်းချက်အပေါ် ဦးမြင့်ခိုင်မှ နယ်မြေ ဒေသ မတည်ငြိမ်သေး၍ နိုင်ငံတော်မှ မသွားခိုင်းခြင်းဖြစ်ကြောင်း ဆိုသည်။
“အခုအားလုံးလွတ်လပ်စွာသွားလာဖို့အတွက် နိုင်ငံတော်က လုံခြုံရေးယူပေးတယ်။ မကြာသေးမီက လွတ်လပ်လပ်သွားလာနိုင်ပြီဆိုပြီး သွားလာကြလို့ တိုင်းရင်းသားတွေအသတ်ခံရတာရှိတယ်။ ဒါကြောင့် နယ်မြေဒေသ မတည်ငြိမ်သေးလို့ နိုင်ငံတော်ကမသွားခိုင်းတာဖြစ်တယ်။ အေးဆေးဖြစ်တဲ့အချိန်မှာ သွားလာခွင့် ပြုသွားပါ လိမ့်မယ်” ဟု မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြောသည်။
ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့များသည် ပန်းတောပြင်(ဘင်္ဂါလီ)ကျေးရွာ၊ ဘင်္ဂလားဒေ့ရှ်မှ ပြန်လည် ဝင်ရောက်လာသည့် မိသားစုများနှင့်တွေ့ဆုံခဲ့ပြီး ၎င်းနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည့်ရေး တံတား၊ တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းနှင့် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်သူတို့အား မေးမြန်း သတင်းရယူခဲ့ကြသည်။




