
(မောင်တောဒေသအတွင်းက ဒေသခံ ရခိုင်တိုင်းရင်းသားများ အခြားမြို့သို့ ပြောင်းရွှေ့နေသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - ကျော်ဝင်း)
မေလ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ။ မောင်တောမြို့နယ် မြောက်ပိုင်း ကျေးရွာများဖြစ်သည့် တရိန်း၊ ဂြစ်ချောင်း၊ နန်းရာကိုင်း၊ လောင်းဒုံကျေးရွာများမှ ရခိုင်၊ မြို၊ ဒိုင်းနက်ခလေးလူငယ် ၈ဝ ခန့်မှာ မေလ (၁၀) ရက်နေ့ နံနက်ပိုင်းက မှန်လုံကားကြီး (၂) စီးဖြင့် မိဘအုပ်ထိန်သူများလိုက်ပါပြီး အငူမော်လမ်းမှ စစ်တွေမြို့နှင့် သူတို့၏ ဆွေမျိုးများ မိတ်ဆွေများရှိရာ ရခိုင်ပြည်နယ်အတွင်းက အခြားမြို့ရွာများကို ကျောင်းဖွင့်ရာသီအမီ ကျောင်းအပ်နှံနိုင်ရန်အတွက် ထွက်ခွာသွားကြကြောင်းသိရသည်။
" ကျွန်မတို့ ဒီမောင်တော ဒေသက မတည်မငြိမ်ဖြစ်နေတဲ့ အနေအထားပါ ဇွန်လဆိုရင် ကျောင်းတွေ ဖွင့်တောမှာဖြစ်ပါတယ်။ ကလေးတွေကို ဒီမောင်တောက စာသင်ကျောင်းတွေမှာ စာသင်ကြားဖို့ စိတ်မချရတော့ပါ။ ဘာအတွက်လဲဆိုတော့ စာသင်ကျောင်းတွေက အခုဖွင့်မယ်။ နောက် ပြဿနာတွေ ဖြစ်လာရင် ကျောင်းပိတ်တောမယ်။ ဆရာ/ဆရာမ တွေကလည်း ပြေးကြတောမယ်။ ဒါဆိုရင် ကျွန်မတို့ ကလေးတွေ ပညာသင်ကြားရေးမှာ အထူးနစ်နာပါတယ်။ အခု ကျွန်မ သမီး ဆယ်တန်းတက်မှာပါ။ ဒီက စာသင်ကျောင်းတွေက အကြမ်းမူတွေ ဖြစ်လာရင် ဖွင့်လိုက်ပိတ်လိုက်နဲ့ ဆိုတော့ စာသင်ကြားရမယ့် ဆရာ/ဆရာမတွေကလည်း အပြည့်အစုံမရှိပါ။ နောက်ပြီး အကြမ်းဖက်မူတွေက မိုးရာသီမှာ နှစ်စဉ်ဖြစ်နေကျလို ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ အာမခနိုင်ပါ။ ဒါကြောင့် သူအဖေ၏ ညီမိသားစုရှိရာ ကျောက်တော်မှာ ကျောင်းသွားထားမှာဖြစ်ပါတယ်။ " ဟု တရိန်းကျေးရွာမှ ဒေါ်ရွှေကြိုင်က ပြောသည်။
ပြဿနာများ မကြာခဏဖြစ်ပွားနေသည့်အတွက် ကျောင်းသူ၊ ကျောင်းသားအများစု ပညာကို ဆုံးခန်းတိုင် မသင်ကြားနိုင်ကြသလို လက်ရှိချိန်မှာလည်း မျက်နှာစိမ်း ဘင်္ဂါလီများ တစ်ဖြည်းဖြည်း များလာသည့်အတွက် စိုးရိမ်မှုများရှိကာ နောက်ထပ်ပြဿနာဖြစ်မည်ကို စိုးရိမ်သည့်အတွက် ပညာသင်ကြားနိုင်ရန် တစ်ခြားမြို့များသို့ ပြောင်းရွေ့ရခြင်းဖြစ်ကြောင်း လောင်ဒုံကျေးရွာမှ ဒေသခံ ဦးကျော်လှက ပြောသည်။
" အခု ကျွန်တော်တို့ အနီးအနားက ငန်းချောင်း ဘင်္ဂါလီရွာမှာ၊ ဘင်္ဂါလီတွေ များသထက်များ လာနေပါတယ်။ ဘယ်ကမှန်းလည်း မသိပါ မျက်နှာစိမ်းတွေ တဖြည်းဖြည်းနဲ့ အရင်အတိုင်း များလာနေပါတယ်။ မိုးတွင်းကလည်း ရောက်တော့မယ်။ နောက်တကြိမ် အကြမ်းဖက်မှုတွေ ဖြစ်လာယင် ကလေးတွေ အတွက်ပညာရေးပါဆုံးရှုံးနစ်နာမှာ ဖြစ်သလို ထွက်ပြေးရရင်လည်း လူကြီးတွေက အရေးမကြီးပါ။ ခလေးသူငယ်တွေနဲ့ဆို ပြေးလွှားရမလွယ်ပါ။ သာသမီးပညာရေးက အရေးကြီးပါတယ်။
အခုကျွန်တော်တို့ ဆွေမျိုးများရှိတဲ့ ပုဏ္ဏားကျွန်းမြို့ ကျွန်တော်သား ၂ ယောက်ကို ကျောင်းသွားအပ်မှာ ဖြစ်ပါတယ်။ တစ်ယောက်က (၅) တန်းပါ။ နောက်တစ်ယောက်က (၈)တန်းပါ " ဟု ပြောသည်။
မောင်တောမြို့ပေါ်မှ ငွေကြေးတတ်နိုင်သူများသည် ပညာရေးနှင့်ပတ်သက်ပြီး မောင်တောမြို့ပေါ်မှာ စစ်တွေနှင့် ရန်ကုန်မြို့များတွင်ရှိသော ဘော်ဒါဆောင်များ၌ အပ်နှံမှုများရှိကြောင်း မောင်တောဒေသ အတွင်းမှ ကျောင်းသားများသည် တစ်ခြားမြို့နယ်များသို့ သွားရောက်ပညာ သင်ကြားမှုများမြင့် လာကြောင်းလည်းသိရသည်။

(မောင်တောဒေသအတွင်းက ဒေသခံ ရခိုင်တိုင်းရင်းသားများ အခြားမြို့သို့ ပြောင်းရွှေ့နေသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - ကျော်ဝင်း)




