(၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက်ဘင်္ဂါလီများ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကိုယ့်အိမ်ကို မီးရှို့ထွက်ပြေးသွားသော ဘင်္ဂါလီကျေးရွာတစ်ရွာအား တွေ့ရစဉ်။ ဓါတ်ပုံ - စိမ်းကိုကို၊ DMG)

ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။    ။   မောင်တောခရိုင်အတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း တိုက်ခိုက်ခံရမှုကနေ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူ ၅၀၇ ဦးရှိပြီး ယင်းအထဲက ၄ ဦးကို မောင်တောခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း မောင်တောခရိုင်တရားရုံးက သိရသည်။

ဘူးသီးတောင်မြို့တွင် ဖွင့်လှစ်ထားသည့် မောင်တောခရိုင် အထူးတရားရုံးမှ အမှု (၆) မှုဖြင့် ဆုံးဖြတ်ချက်ချရာတွင် ၄ ဦးကိုသေဒဏ်ပေးပြီး ၈၇ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ကာ ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ တရားခံပြေး တစ်ဦးနှင့် တရားခံသေ တစ်ဦးရှိသည်။  

၂၀၁၆ ခုနှစ် အောက်တိုဘာလ ရဲကင်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး တရားစီရင်ဖို့ အမှုတစ်ခုကျန်ရှိပြီး ယင်းအမှုတစ်ခုတည်းတွင် တရားခံ ၂၉၄ ဦးကို တရားစီရင်ချက်ချရန် ကျန်ရှိနေခြင်းလည်းဖြစ်သည်။

မောင်တောခရိုင် ဒုခရိုင်တရားသူကြီး ဦးညိုလွင်ဦးက " ၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောဒေသ နယ်ခြားစောင့်ရဲဌာနချုပ်နဲ့ ရဲစခန်းနှစ်ခုကို အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုထားသူ စုစုပေါင်းတရားခံ (၅၀၇) ဦးရှိပါတယ်။ အမှု (၇) မှု တရားစွဲတင်ခဲ့ပါတယ်။ ရာဇသတ်ကြီး (၅) မှုနဲ့ လက်နက်မှု (၂) မှုပါ။ တရားခံများကို တစ်နှစ်ကျော်ကြာ ကျွန်တော်တို့ စစ်ဆေးခဲ့ပါတယ်။ ဘာအတွက် ဒီလောက်ကြာရသလဲဆိုတော့ ဥပမာ တရားခံတစ်ဦးဟာ ရာဇသတ်ကြီးနဲ့ ပတ်သတ်နေသလို့။ နောင်လက်နက်မှုတွေနဲ့လည်း ပါဝင်ပတ်သတ်နေတာတွေရှိပါတယ်။ ဒါကြောင့် စစ်ဆေးမှုပြုရာမှာ ကြန့်ကြာရတာပါ။ စွဲတင်ထားတဲ့ ပုဒ်မတွေကတော့ တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ ” ဟု ပြောသည်။

မောင်တောဖြစ်စဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူများအားလုံးကို လူသတ်မှု ပုဒ်မ ၃၀၂ (၂)/၃၄၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆/၃၄၊ မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၂၄/၃၄၊ ရာဇတ်သတ်ကြီး ပုဒ်မ ၃၀၂ (၁)(ခ) လက်နက် ဥပဒေ (ယာယီ) ပုဒ်မ ၂ (၁)(က)တို့ တရားစွဲဆိုခဲ့သည်။

တရားစီရင်ချက်များမှာ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ တစ်မှုစီရင် တရားခံ (၃၉) ဦးပြစ်ဒဏ်ချမှတ်၊ လွတ်မြောက်မှု (၅) ဦးရှိ၊ (၃၄) ဦးက ထောင်ဒဏ်ချမှတ်သည်။ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ လေးမှုစီရင် တရားခံ (၄၂) ဦးပါဝင်ပြီး ယင်းအထဲက တရားခံသေမှု (၁)ဦး၊ တရားခံပြေးမှု (၁) ဦး၊ အပြီးလွတ်တာက (၁၃ ) ဦးနှင့်(၂၇) ဦးက ထောင်ဒဏ်ချမှတ်ခံရသည်။ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာ တစ်မှုစီရင် တရားခံ (၄၅) ဦးပါဝင်ပြီး (၄) ဦးကိုသေဒဏ်ချမှတ်၊ (၁၅) ဦးက အပြီးလွတ်မြောက်၊ (၂၆) ဦးက ထောင်ဒဏ်ချက်မှတ်ခံရသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ အနည်းဆုံး (၁၀) နှစ်ကနေ အများဆုံး နှစ် (၂၀) အထိ အပြစ်ပေးခံရမည်ဖြစ်ပြီး အမျိုးသမီးနှင့် အသက်မပြည့်သူများ မပါဝင်ဘဲ အားလုံး အမျိုးသားများဖြစ်သည်ဟု ရဲစခန်းများမှတ်တမ်းအရ သိရသည်။

မောင်တောခရိုင်တရားရုံးတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့က အကြမ်းဖက်ဖြစ်စဉ်မှာ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(က)/၅၀(ဃ)နှင့် တရားစွဲထားသည့် အမှု (၁၉) မှုဖြစ်ရှိပြီး တရားခံစုစုပေါင်း (၇၁) ဦးရှိသည်။ ၄င်းတို့ကို စစ်ဆေးသည့်အနေအထားသာရှိပြီး တစ်မှုမှစီရင်ချက်မချရသေးဟု မောင်တောခရိုင်တရားရုံးက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(က)/၅၀(ဃ)နှင့် စွဲဆိုထားတဲ့ အမှု (၂) မှုရှိပြီး တရားခံ (၁၁) ဦး ရှိသည်။  

 

Author: ချလူးအောင်