ဘူးသီးတောင်မြို့နယ်ကို ဂြိုလ်တုကနေ ရိုက်ယူထားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၂၀၁၈ ခုနှစ်။   ။   အေပီသတင်းဖော်ပြချက်အရ ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ ရာနှင့်ချီသော လူသေလောင်းများ ရှိ၊ မရှိ စစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးရာ အစုံလိုက်အပြုံလိုက် သတ်ဖြတ်ထားသော လူသေကျင်းများမရှိဟု နိုင်ငံတော်အစိုးရက ဖေဖော်ဝါရီလ ၂ ရက်နေ့က သတင်းထုတ်ပြန်သည်။

ဂူတာပြင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် သြဂုတ်လက အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂါလီ ၄၀၀ ဦးခန့် အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသော လူသေကျင်းများ တွေ့ရှိသည်ဟု အေပီသတင်းဖော်ပြချက်အရ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နယ်မြေမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိနှင့် လက်ထောက်မြို့နယ် ဆရာဝန်အပါအဝင် ၁၇ ဦးပါ စစ်ဆေးရေးအဖွဲ့က ရွာသားများနှင့် ကျေးရွာပတ်ဝန်းကျင်ကို စစ်ဆေးခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိဟု ငြင်းဆန်ခြင်းမပြုဘဲ တိကျမှန်ကန် ခိုင်မာပြီး ယုံကြည်စိတ်ချရသည့် သက်သေအထောက်အထားများ ရရှိပါက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့်အခါ ချိုးဖောက်မှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်မည်ဟု ယနေ့ထုတ်ပြန်ချက်က ဖော်ပြသည်။

ဂူတာပြင် ဖြစ်စဉ်အမှန်မှာ ARSA အစွန်းအရောက် အကြမ်းဖက်သမား ၅၀၀ ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များကို တုတ်၊ ဓား၊ ဂျင်ကလိများ၊ လက်နက်ငယ်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ခုခံကာကွယ်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ARSA အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၁၉ လောင်းနှင့်အတူ တုတ်၊ ဓါးများကို ရရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်သမား ၁၉ ဦး၏ အလောင်းကို စနစ်တကျ မြှုပ်နှံသဂြိုဟ်ခဲ့ပြီး ညောင်ချောင်းနယ်မြေ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၅/ ၂၀၁၇၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) ဖြင့် အမှုဖွင့်ခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည်။

ဆက်လက်၍ ဂူတာပြင်ကျေးရွာအနီးဝန်းကျင်ရှိ အခြားကျေးရွာများတွင်လည်း AP သတင်းဖော်ပြချက်ပါ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ ဆက်လက်စုံစမ်း စိစစ်လျက်ရှိကြောင်း၊ အချက်အလက် အထောက်အထားများ ရရှိမှုအပေါ် မူတည်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

Author: DMG