(မောင်တောမြို့ကို လက်ရှိရေပေးဝယ်နေသည့် မြကန်သာဆည်။ ဓါတ်ပုံ - မောင်တောစည်ပင်)

ဇွန်လ ၃၀ ရက်၊ ၂၀၁၈ ခုနှစ်။   ။   မောင်တောမြို့သူမြို့သားများ ရေကောင်းရေသန့် သုံးစွဲနိုင်ရေး မြကန်သာဆည်နှင့် ဗောဓိကုန်းဆည်ပြုလုပ်ရန် ဘတ်ဂျက်တောင်းခံမှု ရခိုင်ပြည်နယ်အစိုးရက ပယ်ချလိုက်ကြောင်း မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

လက်ရှိတွင် မြကန်သာဆည်မှ အိမ်ခြေအနည်းငယ်သာ ရေပေးနိုင်ပြီး မောင်တောတမြို့လုံး ရေရရှိရန် အစိုးရ၏ ၂၀၁၇-၂၀၁၈ ပိုလျှံရန်ပုံငွေမှ တောင်းခံခဲ့ကြောင်း မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။

“ မောင်တောတမြို့လုံးရေရရှိရေးအပါအဝင် စည်ပင်လုပ်ငန်း ၂၈ ခုအတွက် အစိုးရရဲ့ ပိုလျှံငွေထဲက ငွေကျပ်သိန်းပေါင်း ၂၀၀၀၀ တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် ကျပ်သိန်းပေါင်း ၄၀၀၀ ပဲ ချပေးပါတယ်။ ကျနော် တင်ပြတာက အခု လက်ရှိရေပေးနေတဲ့ မြကန်သာဆည်ကို ပြန်တူးဖော်မယ်။ ဒီဆည်နဲ့ သိပ်မဝေးတဲ့ ဗောဓိကုန်းကျေးရွာနားမှာ ဆည်အသစ်လုပ်လို့ရတာရှိတယ်။ ကျနော်ကတော့ ဗေဓိကုန်းဆည်လို့ နာမည်ပေးထားတယ်။ မြကန်သာနဲ့ ဗောဓိကုန်းဆည်တို့ကို ပိုက်လိုင်းနဲ့ ဆက်ပြီးတော့ မောင်တောတမြို့လုံးကို ရေလုံလုံလောက်သုံးစွဲလို့ရအောင် ပေးမယ် စီစဉ်ထားတာ။ ဒါပေမဲ့ အခုချပေးတဲ့ ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်မှာ မြကန်သာဆည်ကို ရေဝပ်နေရာ တူးဖော်ဖို့လောက်ပဲ ပါတယ်။ ဆည်ကို ပြန်လည်တူးဖော်ဖို့နဲ့ ဗောဓိကုန်းဆည်လုပ်ဖို့ အစိုးရက ပယ်ချလိုက်တယ်။ ” ဟု ပြောသည်။

သန့်ရှင်းမှုရှိအောင် မြကန်သာဆည် ပြန်လည်တူးဖော်ရေးနှင့် ဗောဓိကုန်းဆည်အသစ်တည်ဆောက်ရေး အတွက် ငွေကျပ် သိန်းပေါင်း ၃၀၀၀ ကုန်ကျမည်ခန့်မှန်းထားကြောင်းနှင့် ဆည်နှစ်ခုပိုင်းလိုင်းဆက်ရေး အပါအဝင် တမြို့လုံးကို ရေပိုက်လိုင်းတပ်ဆင်ရေးအတွက် ငွေကျပ်သိန်း ၃၆၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“ မြကန်သာဆည်က ပါတီကောင်စီခေတ်ကတည်းက လုပ်ခဲ့တာ။ ဆည်ကကြာနေပြီ။ သန့်ရှင်းမှုလည်း တခါမှ မလုပ်ရသေးဘူး။ တမြို့လုံးကိုလည်း ရေမပေးနိုင်ဘူး။ ဒီဆည်ကို ပြန်လည်တူးဖော်ပြီးလုပ်မယ် ဆိုရင် သန့်ရှင်းမှုလည်းရှိသွားမယ်။ ရေပိုက်လိုင်းတပ်ဆင်ရေးအတွက်လည်း အိုင်စီအာစီက ကူညီမယ်လို့ သဘောတူထားတယ်။ မောင်တောမှာလည်း ရေအိမ်တိုင်းမရဘူး။ အဝီစိရေပဲသုံးနေရတယ်။ ရေကောင်းတာ မဟုတ်ဘူး။ ” ဟု မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။

အိုင်စီအာစီနှင့် အကြမ်းဖျင်းသဘောတူထားသည်မှာ ဗောဓိကုန်ဆည်ကို တည်ဆောက်နိုင်ပါက မြကန်သာဆည်နှင့်ပေါင်းပြီး ရေပေးဝယ်ရာတွင် ရေပိုက်ကို အဆင့်သုံးဆင့်ဖြင့်ခွဲကာ အညစ်အကြေးများ မပါအောင် စစ်မည်ဖြစ်ကြောင်း၊ နောက်ဆုံးအိမ်သို့ ရေရောက်သည့်အဆင့်က သန့်စင်သောရေကို အသုံးပြုနိုင်အောင် ဆောင်ရွက်မည်ဟု ၄င်းကပြောသည်။

မောင်တောတမြို့လုံးရေရရှိရေးအတွက် ဗောဓိကုန်းဆည်ကို တည်ဆောက်ရန် မြို့နယ်ဆည်မြောင်းဦးစီးဌာ နကလည်း သဘောတူထားပြီဖြစ်ကြောင်း၊ ယင်းအပြင် မြို့နယ်စည်ပင်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ မြို့နယ်ရှိ နိုင်ငံရေးပါတီများနှင့် အခြားသော အဖွဲ့အစည်းများ၏ ထောက်ခံချက်ဖြင့် ပြည်နယ်အစိုးရထံ ဘတ်ဂျက်တောင်းခံခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

(မောင်တောတမြို့လုံးကို ရေပေးဝယ်ရန် အသစ်ပြုလုပ်မည့် ဗောဓိကုန်းဆည်။ ဓါတ်ပုံ - မောင်တောစည်ပင်)

 

Author: နေရောင်မင်း(စစ်တွေ)