ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။  ။   မောင်တောမြို့နယ်က မျက်စိဝေဒနာရှင်များအား ဒေါက်တာ မြအောင် ဦးဆောင်သော သီတဂူအာရှတော်ဝင် မျက်စိကုသရေးအဖွဲ့မှ အခမဲ့ ကွင်းဆင်းလာရောက် ကုသပေးမည်ဖြစ်သည်။

ဒီနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ မောင်တောပြည်သူ့ဆေးရုံး၌ ကုသေပေးမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များကို စာရင်းလက်ခံနေပြီဟု မောင်တောပြည်သူ့ဆေးရုံမှ ဆေးဖက်ကျွမ်းကျင် (၄) ဓါတ်မှန်တာဝန်ခံ ကိုချစ်ထူးခိုင်က ပြောသည်။

“ ဟုတ်ပါတယ်။ ယခု ကျွန်တော်တို့ဆီကို စာရင်းလာပေးထားကြတဲ့ မျက်စိဝေဒနာရှင် ၁၄၀ ကျော် သွားပါပြီ။ ” ဟု ပြောသည်။

မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ မျက်စိဝေဒနာရှင်တစ်ဦးဖြစ်သည့် အသက် (၅၈) နှစ်ရှိ ဦးဘမောင်က မျက်စိဝေဒနာရှင်များကို အခမဲ့ကုသပေးခြင်းသည် ဆင်းသားလူတန်းစားအတွက် တန်ဖိုးမဖြတ်နိုင်ဟု ပြောသည်။  

“ အလွန်ဝမ်းသာမိပါတယ်။ သီတဂူ ဆရာတော်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ မောင်တောပြည်သူ့ဆေးရုံမှာ ခွဲစိတ်ခန်းနဲ့ ခွဲစိတ်ကရိယာတွေအပြင် လူနာတင်ယဉ်ပါ လှူဒါန်းတယ်။ အခု မျက်စိဝေဒနာရှင်တွေအတွက်ပါ လာရောက်ကုသမယ်ဆိုတော့ ကျွန်တော်တို့လို ရန်ကုန် မန္တလေးသွားပြီး မျက်စိရောဂါကိုပြဖို့ မတတ်နိုင်တဲ့ ဆင်းရဲသား လူထုအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အလှူတစ်ခု ဖြစ်ပါတယ်။ ” ဟု ၄င်းက ပြောသည်။

 

Author: ချလူးအောင်