ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင် / DMG

မောင်တောမြို့နယ်၊ သစ်တောကျေးရွာမှ အသက် (၁၃) နှစ်အရွယ် ငါးတန်းကျောင်းသူကို  နွားလွတ်ရန်သွားစဉ် သတ်ဖြတ်ခဲ့သူအား ဒီဇင်ဘာလ (၁၈) ရက်နေ့က ဖမ်းဆီးရမိသည်ဟု ပြင်ဖြူနယ်မြေရဲစခန်းက စခန်းမှူး ဒုရဲမှူး ကျော်မြဝင်းက ပြောသည်။

မောင်တောမြို့နယ်၊ သစ်တောရွာကျေးရွာတွင် နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မနှင်းဖြူ(ခ) မီးချေသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နွားလွတ်ရန်သွားရာမှ ပျောက်ဆုံးသွားခဲ့ရာ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် သေဆုံးနေသည့်အလောင်းအား ရွာနှင့်နှစ်မိုင်ခန့်အကွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ မနှင်းဖြူအား သတ်မှုဖြင့် တစ်ရွာတည်းနေ  မိုးကျော်ဆိုသူကို ဖမ်းဆီးခဲ့ပြီး သူကိုယ်တိုင် မိန်းကလေးအား သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုသည်ဟု ဒုရဲမှူး ကျော်မြဝင်းက ပြောသည်။

“ ဒီဇင်ဘာ ၁၇ နေ့မှာ သစ်တောရွာကို သွားရောက်ပြီး သက်သေတွေကို စစ်ဆေးချက်တွေ ရယူပါတယ်။ ဒီလိုစစ်ဆေးချက်တွေအရ သင်္ကာမကင်းသူကို ဖမ်းဆီးစစ်ဆေးဖို့  တရားရုံးက ချုပ်ရမန်ယူပြီး နယ်မြေစခန်းမှာ ဖမ်းဆီးချုပ်နှောင် စစ်ဆေးခဲ့ပါတယ်။ ၁၉ ရက်နေ့မှာ တရားခံက အဖြစ်အမှန်ကို ပြောပြပါမယ်။ သူထွက်ဆိုချက်ကတော့ သူပြစ်မူကျူလွန်ခဲ့ပါကြောင်း၊ ကလေးမလေးကို သတ်ဖြတ်ခဲ့ပါကြောင်း ထွက်ဆိုခဲ့ပါတယ်။ သူရဲ့ သဘောဆန္ဒအလျောက် တရားခံက ဖြောင့်ချက်ပေးလာပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိမှာ မိုးကျော်ကို လူသတ်မှုနှင့် ပတ်သက်ပြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားသည်။ သေဆုံးသူ မိန်းကလေးအား သားမယားအဖြစ် ပြုကျင့်ခံရခြင်းရှိ၊ မရှိ စစ်ဆေးလျက်ရှိပြီး သားမယားပြုကျင့်ကြောင်း ပေါ်ပေါက်လျှင် ပုဒ်မ ၃၇၆ နှင့်ပါ ထပ်တိုးအမှုဖွင့်သွားမည်ဟု ဒုရဲမှူး ကျော်မြဝင်းက ဆက်လက်ပြောသည်။

ဆက်စပ်သတင်းများ -

မောင်တောမြို့နယ် သစ်တောရွာတွင် အသက် ၁၃ နှစ်အရွယ်မိန်းကလေးတစ်ဦး အသတ်ခံရ

ငါးရှာသွားစဉ် ပျောက်ဆုံးနေသော မောင်တောမြို့နယ်က ဒေသခံနှစ်ဦးကို သေဆုံးလျက်တွေ့ရှိ

မောင်တောတွင် မရမာကြီးလူမျိုးနှစ်ဦးကို ဘင်္ဂါလီ(၆) ဦးဓားဖြင့်ခုတ် ၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

Author: ချလူးအောင်