ချလူးအောင်၊ DMG
အောက်တိုဘာ ၂၉၊ မောင်တော

မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီအချိန်၌ သစ်သားလှေတစ်စီးနှင့်အတူ WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၄၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တရားခံမှာ ထွက်ပြေး သွားကြောင်း သိရသည်။

တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ဦးစောလှကျွန်းတောင်ဘက်တွင် လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာလှေတစ်စီးအားတွေ့ရှိ၍ အချက်ပြခေါ်ယူရာတွင်ထွက်ပြေးသဖြင့် လှည့်ကင်းအဖွဲ့မှ လိုက်လံ ဖမ်းဆီးကြရာ လှေပေါ်ပါလာသူသည် ရေထဲခုန်ဆင်းထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ကျန်ခဲ့သည့်လှေအားရှာဖွေရာတွင် ကြွတ်ကြွတ်အိတ်အမည်းဖြင့်ထုတ်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၆၀၀ ကျော်အား သိမ်းဆည်းရမိခဲ့ပြီး ကာလတန်ဖိုးအားဖြင့် ငွေကျပ် ၁၉၂ သိန်းကျော် တန်ဖိုးရှိကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်သည်။

ထိုသို့ သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၄၆) မောင်တောသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ငါးခူရနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Author: ချလူးအောင်