ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင်/DMG

မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ကပ္ပကောင်းကျေးရွာတွင် ကျပ်သိန်းပေါင်း ၅၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့(ဒီဇင်ဘာလ ၁၁ ရက်နေ့)က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ကပ္ပကောင်းကျေးရွာနေ ကာမာ(ဘ)ဇော်ဘူဆိန်း၏ ပုဇွန်ကန်တွင် မူးယစ်ဆေးများ ဝှက်ထားကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ ပုဇွန်ကန်ဘောင်ရိုး ရေလွဲမြောင်းအတွင်းတွင် မြေကျင်းတူ၍၀ှက်ထားသော ဆာလာအိတ် ၃ အိတ်ကို တွေ့ရှိခဲ့သည်။

ယင်းအိတ်အတွင်းတွင် အပြာရောင်ပလပ်စတစ် အိတ်ငယ်များဖြင့် ထည့်ထားသော WY  နှင့် R စာတမ်းပါ ပန်းရောင်ရူးသွပ်ဆေးပြား စုစုပေါင်း ၂၉၂၅၀၀ ပြား ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၅၈၅၀ ကျပ်တန်ဖိုးရှိ မူးယစ်ဆေးများကို ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင်မူးယစ်အထူးတပ်ဖွဲ့စု ၄၆ က သိရသည်။

၎င်းအမှုအား ပြင်ဖြူနယ်မြေစခန်း၌ မယ(ပ)၃၁/၁၈ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမူဖွင့်အရေး ယူဆောင်ရွက်လျက်ရှိပြီး ပိုင်ရှင်မှန်ပေါ်ပေါက်ရေး ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်အထူးတပ်ဖွဲ့စု ၄၆ က သိရသည်။

Author: ချလူးအောင်