
(မောင်တောမြို့နယ်အတွင်းက ရဲကင်းစခန်းငယ်တစ်ခုအား တွေ့ရစဉ်။ ဓါတ်ပုံ - ချလူးအောင်၊ DMG)
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၁၈ ခုနှစ်။ ။ မောင်တောမြို့နယ် လုံခြုံရေးအတွက် မြင်းလွှတ်နယ်မြေရဲစခန်းနှင့် ခမောင်းဆိပ် နယ်မြေရဲစခန်းတို့နှစ်ခုကို တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး၌ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက မောင်တောမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်နိမိတ်အတွင်း မြို့နယ်ရဲစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန်၊ လုံခြုံရေးအားနည်းသည့်နေရာနှင့် လုံခြုံရေးလုံးဝမရှိသည့် ဒေသခံတိုင်းရင်းသားကျေးရွာများတွင် ပြည်သူ့စစ်ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းကို ဖြေကြားရာမှာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတွေ၊ ပြည်သူ့စစ်ဌာနေအဖွဲ့တွေ၊ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ဘူးသီးတောင်၊ မောင်တောမှာ နယ်မြေလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး နယ်စပ်ဒေသ လုံခြုံရေးအတွက်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့အတူ တွဲဖက်တာဝန်ထမ်းဆောင်နေတာကြောင့် လတ်တလောမှာ ပြည်သူ့စစ်ဌာနေအဖွဲ့တွေ ထပ်မံဖွဲ့စည်းပေးဖို့ မလိုအပ်သေးဘူး။ ဒါပေမယ့် မောင်တောမြို့နယ်အတွင်းမှာတော ရဲစခန်း(၂)ခု မြင်းလွှတ်နယ်မြေရဲစခန်းနဲ့ ခမောင်းဆိပ် နယ်မြေရဲစခန်းတို့ကို ထပ်မံဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်။ ” ဟု ၄င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဥပဒေကို ညှိနှိုင်းပေါင်းစပ် ရေးဆွဲနေကြောင်းလည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
ယင်းအပြင် ပြည်သူ့စစ်ဖွဲ့စည်းမှုမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေတည်ငြိမ်ရေးနှင့် နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်ဌာနေအဖွဲ့ (၅၉၆) ဖွဲ့ကို ဖွဲ့စည်းထားကြောင်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ပြည်သူ့စစ်ဌာနေအဖွဲ့ (၃၄) ဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်း (၃၄) ဖွဲ့အနက် မောင်တောမြို့နယ်တွင် ဗန္ဓုလ၊ တပ်ချောင်း၊ ဝေလာတောင် ကျေးရွာများက ပြည်သူ့စစ်ဌာနေအဖွဲ့ (၃) ဖွဲ့ကို လက်နက်များ တပ်ဆင်ပေးပြီး လေ့ကျင့်ရေးကျည်များ တောင်းခံကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီကနေ မတ်လအထိ မွမ်းမံသင်တန်းကို လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ ကျန်ပြည်သူ့စစ်ဌာနေအဖွဲ့များကိုလည်း ပွင့်လင်းရာသီမှာ မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့သည်။




