ချလူးအောင် / DMG
ဖေဖော်ဝါရီ ၁၆ ၊ မောင်တော
မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှကျေးရွာမှ ကျေးရွာသား ၃ ဦးသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ငါးရှာဖွေရန်အတွက် ကျေးရွာမှထွက်သွားကြပြီး ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်း အထိ ပြန်မရောက်ဘဲ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပျောက်ဆုံးနေသူများကို ကျေးရွာသား ၃၀ ခန့်မှ လိုက်လံရှာဖွေနေကြောင်း သင်္ဘောလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်းက ပြောသည်။
“မနေ့က သူတို့ ၃ ဦး ပြန်မရောက်ကြပါ။ ဒီနေ့မနက်အထိ ပြန်မရောက်သေးတဲ့အတွက် အခု ရွာသားတွေ စုပြီး လိုက်ရှာနေကြပါတယ်။ သူတို့က ကွမ်းသီးပင်အုပ်စုဖက်ကိုသွားရောက်ပြီး ငါး ရှာဖွေတယ်လို့ သိရပါတယ်။ နယ်မြေ ၃ တောင်ပြိုလက်ဝဲမှာလည်း အကြောင်းကြား တိုင်တန်းထားပါတယ်” ဟု ဦးမောင်စိန်ထွန်းက ဆိုသည်။
သင်္ဘောလှကျေးရွာမှ ပျောက်ဆုံးနေသူ ၃ ဦးမှာ ဦးလှထွန်းမောင်၊ ဦးမောင်ထွန်းစိန်၊ ဦးခေးထွန်းတို့ ဖြစ်ကြောင်း သိရသည်။
သင်္ဘောလှကျေးရွာတွင် လူဦးရေ ၅၀၀ ကျော်ရှိပြီး အများစုမှာ ငါး၊ ဂဏန်းရှာဖွေပြီး အသက်မွေး ဝမ်းကျောင်းပြုကြကြောင်း သိရသည်။




