(မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်။ ဓာတ်ပုံ - သားကြီး)

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၁၇ ခုနှစ် ။     ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်၌ လူများအားသတ်ဖြတ်မြှုပ်နှံထားသည့် အလောင်းများကို ဒီဇင်ဘာလ ၁၉ ရက် ယနေ့နေ့လည် ၂ နာရီက မောင်တောမြို့နယ် ဌာနဆိုင်ရာပေါင်းစုံမှ စတင်တူးဖော်လျက်ရှိသည်။

ထိုဖြစ်စဉ်အား အမည်မဖော်လိုသူတစ်ဦးက သတင်းပေးပို့တိုင်ကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကနဦး သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ စုံစမ်းစစ်ဆေးချက်များအရ အင်းဒင်ကျေးရွာသုသာန်၌ အမည်မသိရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ရပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်နိုင်ရေးအတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသ၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရသဖြင့် နယ်မြေဒေသ ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement)နှင့်အညီ ဆောင်ရွက်သွားရန်နှင့် ချိုးဖောက်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အောက်ခြေအဆင့်ထိ အသိပေးညွှန်ကြားခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထိုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာပါဝင် ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။