ဓာတ်ပုံ - ချလူးအောင်/DMG

 ချလူးအောင်၊ DMG/ ဒီဇင်ဘာလ ၅ ၊ မောင်တော

မောင်တောမြို့နယ် မြောက်ပိုင်း လေးမြို့ကေဒီကျေးရွာသွားလမ်းကို မတ်လမှစတင်ကာ မြေသားလမ်းဖောက်လုပ်ခဲ့သော်လည်း ယခုအချိန်ထိ မပြီးပြတ်သေးသည့်အတွက် ကျေးရွာသားများ သွားလာရေး အခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

“မြေသားလမ်းကို သိန်း ၄၈၀ နဲ့လုပ်တာလို့သိရပါတယ်။ ဘောက်ကာဗာ(Box Cover) တစ်လုံးကို သိန်း(၅၀)ပါ ဘောက်ကာဗာ(၅)လုံးလုပ်ခဲ့ပါတယ်။ ဆောက်လုပ်တဲ့ကုမ္ပဏီက အာရှ အောင်စည်ကုမ္ပဏီပါ။ ဘောက်ကာဘာတွေမှာ လမ်းနဲ့တပြေးညီ မြေသားတွေဘာမှမထည့်ခဲ့ပါဘူး။ ဒါဆိုဘယ်လို သွားမှာလဲ၊ ကားမပြောနဲ့ ဆိုက်ကားတောင်မသွားနိုင်ဖြစ်နေပါပြီ” ဟု ဒေသခံ ကိုထွန်းအေးကျော်ကပြောသည်။

လေးမြို့ကေဒီကျေးရွာသည် ခမောင်းဆိပ်ဈေး၏ အရှေ့ဖက်တွင်တည်ရှိပြီး တစ်မိုင်နှင့် ၄ ဖာလုံ ဝေးကွာကြောင်းသိရသည်။ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်ကို အဆိုပါလမ်းကိစ္စအား မေးမြန်းရာ ၎င်းလမ်းတွင်ထည့်ထားသည့်မြေများမှာ မိုးတွင်းအခါ ပြိုဆင်းသွားသည်များရှိခဲ့ပြီး လမ်းလုပ်သည့်ကုမ္ပဏီအား ပြန်လည်ပြုပြင်ပေးရန် ပြောဆိုထားကြောင်း ပြောသည်။

Author: ချလူးအောင်