
ချလူးအောင်၊ DMG
စက်တင်ဘာ ၁၃၊ မောင်တော
ကျပ်သိန်း (၈၉၀)အကုန်ကျခံဆောက်လုပ်မည့် မောင်တောမြို့ဝင်မုခ်ဦးသစ်ကို လာမည့်အောက်တိုဘာလ (၃၀) ရက်နေ့တွင် အပြီး တည်ဆောက်သွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအလုပ်အမှုဆောင် အရာရှိ ဦးရွှေမောင်က ပြောသည်။
ယင်းမုခ်ဦးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်တည်ဆောက်ခဲ့သည်။ မုခ်ဦးအတွက် ရခိုင်ဗျာလ ရုပ်ထု ၂ ခုသွန်းလုပ်ရန် ဗိသုကာပညာရှင်များ ရှာဖွေနေရသောကြောင့် (၈) လကျော်ခန့် အချိန်ကြန့်ကြာခဲ့ခြင်းဖြစ်သည်ဟု ဦးရွှေမောင်ကဆိုသည်။
“ဒီမုခ်ဦးမှာ ဗိသုကာလက်ရာတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ရခိုင်ဂုဏ်ဆောင် ဗျာလရုပ်ထု ၂ ခုပေါ့လေ ။ဒါကြောင့် ပညာရှင်တွေ ရှာဖွေရတာ။ သွန်းလုပ်ရတာအချိန်ကြန့်ကြာပါတယ်။ နောက်ပြီး မိုးရာသီဖြစ်နေပါတယ်"ဟု ပြောသည်။ ယင်းမုခ်ဦးသည် ၂၀၁၇ ခုနှစ် တိုက်ခတ်ခဲ့သော မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ မောင်တောဒေသတွင် ပြီးခဲ့သည့်နှစ်က ရဲကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုပြုလုပ်ခဲ့မှုကြောင့် ယင်းဒေသအား ကမ္ဘာတစ်ဝှမ်းလုံးက စိတ်ဝင်စားခြင်းခံရသည်။




