သြဂုတ်လ (၂၄) ရက်၊၂၀၁၈ ခုနှစ်၊DMG/ချလူးအောင်။

သြဂုတ်လ(၂၃)ရက် နေ့လည်ပိုင်းတွင် မောင်တောမြို့ အောင်ဗလချောင်းဝ ကင်းစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ဒုရဲတပ်ကြပ်ဝီလျှံသိန်း(၂၃)နှစ်(ဘ)ဦးသန်းလှသည် ထမင်းစားဆောင်တွင် ၎င်း ကိုင်ဆောင်သည့်ဘီအေ-၉၄ သေနတ်အား တိုက်ချွတ်၍ ကျည်ရှင်းပြီးနောက် ကျည်အိမ်ပြန်တပ်ပြီး မတ်တပ်ရပ်စဉ် အတွဲလိုက်ကျည်ပေါက်ထွက်မူဖြစ်ပွားခဲ့ရာ ရှေ့ဘက်(၆)ပေခန့် အကွာတွင် ရပ်နေသော ရဲတပ်သား တစ်ဦးထံထိမှန်ခဲ့၍ မောင်တောမြို့ပြည်သူဆေးရုံတွင် ခွဲစိတ်ကုသယင်းကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အောင်ဗလရဲစခန်းမှ တာဝန်ရှိသူအား DMG မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိသော်လည်း  သေဆုံးသွားသူ ရဲတပ်သားမှာ ကျော်ထက်မင်း(၂၃)နှစ်(ဘ)ဦးမြင့်ဦးဖြစ်ပြီးကျည်ဒဏ်ရာ သုံးနေရာမှန်သွားတာဖြစ်ပြီး ယာဘက်ရင်အုံ ကျည်ပေါက်ထွက် ဒဏ်ရာတစ်ချက် ယာချိုင်းအောက် ကျည်ပေါက်ထွက်ဒဏ်ရာ တစ်ချက်နှင့် ချက်အထက် ၂ လက်မခန့် ကျည်ပေါက်ထွက် ဒဏ်ရာ ၁ ချက် ဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်းလည်းသိရသည်။