ချလူးအောင်၊ DMG
အောက်တိုဘာလ ၈၊ မောင်တော
ရခိုင်ပြည်နယ်အစိုးရအမိန့်ဖြင့် ဖြိုဖျက်လိုက်သည့် မောင်တောမြို့နယ်က သင်္ဘောကွေ့ရွာများသည် နေစရာ မရှိသောကြောင့် ကျောက်ပန်းဒူကားလမ်းဘေးတွင် တဲဆောက်လုပ်ပြီး ယာယီနေထိုင်နေရသည်။
၎င်းကျေးရွာကို ဖြိုဖျက်ခဲ့စဉ်က သင်္ဘောကွေ့ကျေးရွာနေရာက လွဲပြီး တခြားမည်သည့်နေရာတွင်မဆို နေအိမ်ပါဆောက်လုပ်ပေးမည်ဟု အာဏာပိုင်များက ကတိပေးခဲ့သော်လည်း လက်ရှိတွင် မြေနေရာမပေးသောကြောင့် ယခုကဲ့သို့နေထိုင်နေရခြင်းဟု ဒေသခံများက ပြောကြသည်။
"ကျွန်တော်တို့ တောင်းဆိုခဲ့တာများနေပါပြီ။ ဘာမှ ထူးခြားမလာဘူး ။ သူတို့ကျေးရွာကိုဖြိုဖျက်စဉ်က ကတိပေးထားခဲ့တာတွေဟာ ဘာမှဖြစ်မလာဘဲ လိမ်နေသလိုဖြစ်နေပါတယ်”ဟု ယင်းကျေးရွာက ဒေသခံ ဦးစိန်အောင်က ပြောသည်။
သင်္ဘောကွေ့ရွာ ဖြိုဖျက်စီးခံရစဉ် ရွာသားများမှာ ကျောက်ပန်းဒူကျေးရွာရှိ ဘုန်တော်ကြီးကျောင်းတွင် ယာယီနေထိုင်နေထိုင်ခဲ့ကြသည်။ ယခုအခါ ကျောက်ပန်းဒူ ကားလမ်းဘေးတွင် ယာယီနေအိမ်များ ဆောက်လုပ်နေထိုင်လျက်ရှိကြသော်လည်း သင်္ဘောကွေ့ရွာကဲ့သို့ ဖြိုဖျက်စီးခံရမည်ကို ရွာသားများက စိုးရိမ်နေကြသည်။
“အခုလို ပွင့်လင့်ရာသီမှာ အငူမော်-မောင်တော ကားလမ်း (၂)လမ်းမောင်း လမ်းခင်းလုပ်ငန်းကို စတင်ပြုလုပ်တော့မှာဖြစ်တဲ့အတွက်ကားလမ်းဘေးမှာ ယာယီတဲတွေဟာ နောက်တစ်ကြိမ်ဖြိုဖျက်ခံမှာသေချာနေတယ်”ဟု ဦးစိန်အောင်က ပြောသည်။
ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် သင်္ဘောကွေ့ရွာသားများသည် မောင်တောမြို့ သံဃမဟာနာယကဆရာတော်ကြီးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ထံ မြေနေရာရရှိရေးအတွက် တင်ပြရန်အစီအစဉ်ရှိနေသည်။
သင်္ဘောကွေ့ကျေးရွာမြေနေရာချထားပေးရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သို့ အိပ်ဖွင့်ပေးစာပေးပို့ပြီး တင်ပြတောင်းဆိုထားသည်ဟုလည်း သိရသည်။
သင်္ဘောကွေ့ရွာတွင် မြို့နယ်အသီးသီးက လူဦးရေ ၂၀၀ ကျော်ခန့် နေထိုင်ခဲ့ပြီး ယင်းရွာတွင် ဘင်္ဂလီများ နေထိုင်ခဲ့သည်ဟု အကြောင်းပြချက်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ဖြင့် ဇူလိုင်လ ၉ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။ နေထိုင်သူများကမူ ယခင်အဆက်ဆက်က ရခိုင်လူမျိုးများ မြေနေရာဖြစ်သောကြာင့် နေထိုင်သည်ဟု ဆိုကြသည်။
ယင်းရွာ တည်ထောင်စဉ် အစိုးရအဖွဲ့ကို အကြောင်းကြားခြင်း မရှိဟုဆိုကာ ကျေးရွာ တည်ထောင်သူ နှစ်ဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူထားသည်။




