
ဇွန်လ ၂၆ ရက် ၊ ၂၀၁၈ ခုနှစ် / DMG ။ ။ မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်းဘင်္ဂါလီကျေးရွာသို့ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက တောဆင်ရိုင်း ၉ ကောင်ဝင်ရောက်ခဲ့သဖြင့် ရွာသားများက မီးတုတ်များဖြင့် ခြောက်လှန့်ခြင်း၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် မိုးပေါ်ထောင်ကာ ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ တောဆင်ရိုင်းများမှာ မေယုတောင်ကြောအစပ်နေရာများ မကြာခဏ ရောက်ရှိလာတတ်ကြပြီး ငန်းချောင်းကျေးရွာမှ လူနေထိုင်ခြင်းမရှိသည့် အိမ်တစ်ချို့ကို ဖျက်ဆီးခဲ့ကြကြောင်း ငန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက ပြောသည်။
“ အခုက ငန်းချောင်းမှာ လူမနေတဲ့ အိမ်တွေများနေတော့ မနေ့က ဝင်လာတဲ တောဆင်ရိုင်းတွေ ဖျက်ဆီးလို့ နေအိမ်တွေ ပျက်စီးသွားခဲ့ပါတယ်။ ဒီနှစ် လယ်လုပ်ဖို့တောင် ကားလမ်းအရှေ့ဖက်မှာ မလွယ်ပါဘူး။ တောဆင်တွေအန္တရာယ် စိုးရိမ်ရပါတယ်။ အရင်နေ့တွေကဆို နေလည်ပိုင်းတွေမှာတောင် ဝင်လာတတ်ပါတယ်။ မနေ့ကတော့ ည ၉ နာရီ ကျော်လောက်မှာ ရွာအနီးကို ရောက်လာတာ။ ရွာသားတွေစုပြီး မီးတုတ်တွေနဲ့ ဝိုင်းခြောက်လှန်တဲ့အချိန်မှာ နယ်ခြားစောင့်စခန်းဖက်ကို ထွက်သွားတော့ ကျွန်တော်က စခန်းကို ဖုန်းနဲ့လှမ်းအကြောင်းကြားလိုက်ပါတယ်။ ခဏနေတော့ သေနတ်ပစ်သံတွေ ထွက်လာပါတယ်။ သေနတ်က အချက် ၂၀ လောက် ပစ်လိုက်တယ်လို့ ခန့်မှန်းရပါတယ် ” ဟုပြောသည်။
မေယုတောင်ကြောတစ်လျှောက်တွင် တောဆင်ရိုင်းများ ကျက်စားတတ်ကြပြီး သီးနှံစိုက်ခင်းများကို မကြာခဏဆိုသလို ဝင်ရောက်ဖျက်စီးခြင်းရှိသဖြင့် တောင်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးသူများအနေဖြင့် အထူးသတိထားရန် လိုအပ်နေကြောင်း သိရသည်။




