
သြဂုတ် ၃၀၊ ခိုင်ရိုးလ
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ တိုက်ရိုက်ဆက်သွယ်ထားသော ရေချမ်းပြင် - အငူမော် ကူးတို့စက်လှေများတွင် ခရီးသည်များ ဘေးအန္တရာယ်ကင်းစေရန် အသက်ကယ်အင်္ကျီများ ထားပေးရန်လိုအပ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုပြောဆိုသည်။
အဆိုပါ ကူးတို့မှာ မေယုမြစ်ဝကိုဖြတ်ကာ စစ်တွေမြို့မှ မောင်တောမြို့သို့ တိုက်ရိုက်ဆက်သွယ်ထားသော လမ်းကြောင်းဖြစ်ပြီး ရခိုင်ပြည်နယ်အနောက်ဘက်ဒေသအတွက် အလွန်အရေးပါသော လမ်းကြောင်းလည်းဖြစ်သည်။
မေယုမြစ်ဝကို ဖြတ်ကူးနေရသည့် ရေချမ်းပြင် - အငူမော် ကူးတိုးလှေများမှာ ယခုမိုးတွင်းရာသီတွင် လှိုင်းကြီးမှုများ အချိန်တိုင်းဖြစ်ပေါ်နေသည့်အတွက် စက်လှေပေါ်မှာ life Jacket များပေးထားသင့်ကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။
“ ကျွန်တော်ကတော့ မောင်တောက လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့အတွက် အငူမော်ကနေ ရေချမ်းပြင်သို့အမြဲတမ်းကူးနေရသူပါ။ အဲဒီ ကူးတို့လှေထဲက မော်တော်ဘုတ်တွေမှာ အသက်ကယ်ဘောတွေ၊ အင်္ကျီတွေမပါဘူး။ တစ်ခါတစ်လည် ဒီလိုမိုးတွင်းဆိုရင် တော်တော်လေးစိုးရိမ်ရတယ်။ ကျွန်တော်တို့ ထိုတစ်နေ့က ဖြတ်လာတဲ့အချိန်မှာ လှိုင်းကလည်းတအားကြီးတယ်။ ဆိပ်ကမ်းတွေမှာလည်း စက်လှေတွေကပ်ဖို့အတွက် အခက်ခဲဖြစ်နေတယ်။ လှေဆိုက်တဲ့အချိန်မှာလည်း လှိုင်းတွေက တအားကြီးတယ်။ အမှန်က အသက်ကယ်ဘောတို့ ၊ life Jacket တို့ကို ပေးထားရမှာ။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရဌာန စည်ပင်ဌာနက လေလံရောင်းချနေတဲ့ကိစ္စဖြစ်တယ်။ သူတို့အနေနဲ့ ကြပ်မတ်ပေးရမှာဗျာ။ အခုတော့ သူတို့အနေနဲ့ ဘာမှစိတ်ဝင်စားတာလည်းမရှိဘူး ” ဟုပြောသည်။
ယင်းအပြင် ကူးတို့ကို ခရီးသည်များအနေဖြင့် သတိထားပြီး သွားလာသင့်သလို ကူးတို့လှေ စီးနင်းသူများတွင် အသက်ကယ်အင်္ကျီမဝတ်ဆင်ခြင်း၊ လှေပေါ်၌ပါမလာခြင်းမှာ လွန်စွာအန္တရာယ်များပြီး စည်ပင်သာယာရေးအဖွဲ့မှ ခေါ်ယူသတိပေးသင့်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။
“ အခုလိုမိုးရာသီမှာ life Jacket ဝတ်ဖို့၊ ခရီးသည်အပိုနှင့် ဝန်ပစ္စည်းအပိုမတင်ဖို့၊ ရာသီဥတုအခြေနေကြည့်ဖို့ ကျွန်တော်လည်းကြုံသလို အမြဲတမ်း သတိပေးထားပါတယ်။ ဒီမြစ်ဟာ မေယုမြစ်ဝကို ဖြတ်သန်းသွားနေရတဲ့အတွက် အသက်ကယ်အင်္ကျီမဝတ်ရင် လိုင်စင်စီကို ပြောရမယ်။ စည်ပင်ကနေပြီး စည်းကမ်းနဲ့မညီတဲ့အတွက် လိုင်စင်စီကို ခေါ်ယူသတိပေးသော်လည်းကောင်း၊ life Jacket ဝတ်ဆင်ဖို့ လူမှုအဖွဲ့စည်း ကူညီရေးအဖွဲ့ကနေ ခေါ်ယူအသိပေးရမှာ ဖြစ်တယ်။ အသက်ကယ်အင်္ကျီ မဝတ်ဘဲ ကူးနေတာဟာ အလွန်တရာအန္တရာယ်များပြီး life Jacket ကို မဖြစ်မနေဝတ်ဆင်ဖို့အတွက် ပြောချင်ပါတယ်။ နောက်တစ်ခုက လေလံစည်းကမ်းမှာပါတဲ့အတိုင်း ကူးတို့လိုင်စင်တွေလည်းလိုက်နာဖို့လိုအပ်တယ်။ လိုက်နာအောင်လည်း မြို့နယ်စည်ပင်မှကြီးကြပ်သင့်တာပေါ့ ” ဟုပြောသည်။
ထိုကူးတို့ကို ဖြတ်ကူးနေရသူ ခရီးသည်များအတွက် ယခင်နှစ်များက စည်ပင်သာယာရေးအဖွဲ့မှ အသက်ကယ်အင်္ကျီများကို ပေးထားခဲ့သော်လည်း တစ်ချို့စက်လှေများမှာ အသက်ကယ်အင်္ကျီများ ရှိသော်လည်း ခရီးသည်များအနေဖြင့် ဝတ်ဆင်ခြင်းမရှိခြင်း၊ လှေတွင် လိုက်ပါလာသော ခရီးသည်အရေတွက်နှင့် အသက်ကယ်အင်္ကျီ မလုံလောက်ခြင်းအပါဝင် ခရီးသည်ကိုယ်တိုင်က ဝတ်ဆင်လိုခြင်း မရှိမှုများလည်းရှိကြောင်း ဦးဦးသန်းနိုင်က ပြောသည်။
မေယုမြစ်ဝကို မော်တော်စက်လှေများဖြင့် ကူးတို့ကူးချိန်မှာ အနည်းဆုံးအချိန် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး တစ်နေ့ကို စက်လှေအစီးရေ ၁၀ ကျော်ထိ ခရီးသည် ၁၀၀ ကျော်အား နေ့စဉ် ကူးတို့ပို့ပေးနေကြပြီး မောင်တောနှင့် စစ်တွေကို နေ့ချင်းပြန်သွားနိုင်သော ခရီးလမ်းလည်းဖြစ်သလို ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်သုံးခုမှ ကျေးရွားသားများမှာ လူမှုရေး၊ ပညာရေး စီးပွားရေးများနှင့် တခြားကိစ္စရပ်များ အတွက် စစ်တွေမြို့သို့ အဖြစ်မနေ ကူးလာဖြတ်သန်း နေကြရခြင်းလည်းဖြစ်သည်။




