ခိုင်ရိုးလ။ ဇွန်လ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။   ။  ရခိုင်ပြည်နယ် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ အဖွဲ့ဝင်ကုမ္ပဏီများသည် လွန်ခဲ့သော ၂၀၁၇- ၂၀၁၈ ဘဏ္ဏာရေးနှစ်အတွင်း ဆောင်ရွက်ပြီးခဲ့သည့် လူမှုတာဝန်သိလုပ်ငန်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြောင်းသိရသည်။

POSCO Daewoo ကုမ္ပဏီမှ ရခိုင်ပြည်နယ်အတွင်း လူမှုတာဝန်သိလုပ်ငန်းများကို လုပ်ကိုင်လာခြင်းမှာ  ၂၀၀၆ ခုနှစ်က စတင်လုပ်ကိုင်ဆောင်ရွက်လာပြီး ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစရှိသောကဏ္ဍများကို နှစ်စဉ်စီမံကိန်းရေး ဆွဲကာ ဆောင်ရွက်လုပ်ကိုင်နေမှုများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တောတို့ ပြည်နယ်အစိုးရအဖွဲ့က အကြံပြုထာတဲ့ လုပ်ငန်းအစီစဉ်တွေရှိနေပါတယ်။ အဲဒီလုပ်ငန်းအစီစဉ်ကို ပြီးစီးသွားတဲ့အခါ ပြီးစီးသွားကြောင်း တင်ပြရင်းနဲ့ ပြည်နယ်အတွက် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအနေနဲ့ ဘယ်လိုမျိုး တာဝန်သိလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေလဲဆိုတာကို သိစေချင်တဲ့ ရယ်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပါတယ် ” ဟု POSCO Daewoo ကုမ္ပဏီ၊ လူမှုတာဝန်သိ လုပ်ငန်းများအဖွဲ့မှ ခေါင်းဆောင် ဦးအာကာအောင်က ပြောသည်။

အခမ်းအနားတွင် ရွှေစီမံကိန်းအဖွဲ့ဝင် ကုမ္ပဏီများမှ ရခိုင်ပြည်နယ်အတွက် အမှိုက်သိမ်းယာဉ် ၁၀ စီးနှင့် ၆၆၀ လီတာဆံ့ အမှိုက်ပုံးအလုံး ၁၀၀ အား ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ခံရယူခဲ့သည်။

ရွှေစီမံကိန်းမှာ အဖွဲ့ဝင် ကုမ္ပဏီ ၅ ခုရှိပြီး ကိုးရီးယားနိုင်ငံမှ Posco Daewoo ကုမ္ပဏီ ၅၁ % ၊ မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၁၅ % ၊ အိန္ဒိယနိုင်ငံမှ အိုအင်ဂျီစီ ဗီဒက်ခ်ျ ၁၇ % ဂေးလ်ကုမ္ပဏီ ၈.၅ % နှင့် ကိုးရီးယားဓာတ်ငွေ့ ကော်ပိုရေးရှင်း ကုမ္ပဏီ ကိုဂတ်စ်မှ ၈.၅ % ပါဝင်၍ ကျောက်ဖြူမြို့နယ်မှာ အခြေစိုက်ကာ ရခိုင်ကမ်းလွန်ဒေသ၌ သဘာဝဓာတ်ငွေ့များ ရှာဖွေထုတ်လုပ်လျှက်ရှိသည်။

ရွှေစီမံကိန်း အဖွဲ့ဝင် ကုမ္ပဏီများတွင် ပေါ်စ်ကိုဒေဝူးကုမ္ပဏီသည် ရှယ်ယာအများဆုံးပါဝင်ပြီး စီမံကိန်းကို ၂၀၀၀ ပြည့်နှစ်မှ စတင်၍ သဘာဝဓာတ်ငွေကို ၂၀၀၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိတွင် ရခိုင်ကမ်းလွန်ဒေသ သဘာဝဓာတ်ငွေ့လုပ်ကွက်များမှ တစ်နေ့ကို ဓာတ်ငွေ့သန်း ၅၀၀ ကုဗပေ ထိထုတ်လုပ်ကာ ပြည်ပသို့ ၈၀ % တင်သွင်း၍ မြန်မာပြည်တွင်မှာ ၂၀ % သာထုတ်ယူသုံးစွဲနေခြင်းဖြစ်သည်။