
ဧပြီလ ၂၀ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ဆေးရုံတွင် အရေးပေါ်အခြေအနေများမှာ ကုသရန်အတွက် ဆေးဝါး များနှင့် စက်ကိရိယာများ လိုအပ်လျက်ရှိနေသည့်အတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး ဒေသခံများက စိုးရိမ်မှု ရှိနေကြသည်။
အဆိုပါ လေးတောင်တိုက်နယ်ဆေးရုံတွင် အောင်စီဂျင်ကို ဒေသခံများထံမှ လှူဒါန်းငွေဖြင့် ဝယ်ယူသုံးစွဲ နေရသည့်အတွက် အောင်စီဂျင်မလုံမလောက်ဖြစ်နေရကာ ဓါတ်မှန်ရိုက်ကူးမည့်သူမရှိသဖြင့် အရေးပေါ် စမ်းသပ်မှုများအတွက်လည်း ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့နယ်ရှိဆေးရုံများသို့ သွားရောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းသို့ ဆေးဝါးလိုအပ်ချက်များကို အစိုးရတာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးစေလိုကြောင်း လေးတောင်ဒေသခံ ဦးကျော်လှိုင်ကပြောသည်။
ဦးကျော်လှိုင်က “ အခုကဆေးရုံမှာ ဆရာဝန်တစ်ယောက်တည်းဘဲရှိတယ်၊ လက်ထောက်ဆရာဝန် ဘာညာ မရှိဘူး။ အောင်စီဂျင်ဆိုလဲ ကိုယ့်ဘာကိုဘဲ အလှူခံထားရတယ်၊ မလုံလောက်ဘူး။ အရေးအကြောင်းဆို ဘာမှ လုံလောက်မူ့မရှိဘူး။ အရေးအကြောင်းဆို ကျောက်ဖြူ ရမ်းဗြဲပြေးနေရတယ်၊ ဓါတ်မှန်ဆိုရင်လဲ မကောင်းဘူး ဘာဘဲဖြစ်ဖြစ် ဆရာဆရာမတွေနဲ့ ဓာတ်မှန်လေးတွေကိုတော့ ပြီးပြည့်စုံအောင် လုပ်ပေးစေချင်တယ် ” ဟု ပြောသည်။
လေးတောက်တိုက်နယ်ဆေးရုံတွင် ဓာတ်မှန်ရိုက်စက်ရှိသော်လည်း ဓာတ်မှန်ရိုက်ပေးမည့်ဝန်ထမ်း မရှိ၍ ဓာတ်မှန်မရိုတ်ကူးရကြောင်း၊ ၎င်းစက်အား အသုံးမပြုသည်မှာလည်း ကြာမြင့်နေပြီ ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးကပြောသည်။
ယင်းကဲ့သို့ ဆေးရုံတွင်းလိုအပ်ချက်များနှင့် ဒေသခံများ၏စိုးရိမ်မှုအပေါ် လေးတောင်တိုက်နယ် ဆရာဝန် ဒေါက်တာ ညီညီအောင်အား မေးမြန်းခဲ့ရာ သူ့အနေဖြင့် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနေသည်ဟု ပြန်လည် ဖြေဆိုခဲ့သည်။
“ ဒီကိစ္စကို ကျနော်အနေနဲ့ မပြောချင်ဘူး၊ မဖြေချင်ဘူး။ ကျနော့်ဟာ ကျနော် အေးဆေးဘဲနေချင်တယ်။ ကျနော်လဲ အတတ်နိုင်ဆုံးလုပ်ပေးနေတယ် ” ဟု ဒေါက်တာညီညီအောင်က ပြောသည်။
လေးတောင်တိုက်နယ်ဆေးရုံသည် ၂၅ ကုတင်ဆံ့ဆေးရုံဖြစ်ပြီး အဆိုပါတိုက်နယ်အတွင်း ကျေးရွာပေါင်း ၁၆ ရွာတွင် လူဦးရေ ၁ သောင်းခန့်ရှိကြောင်း သိရသည်။




