ဇူလိုင်လ(၂၅)ရက်၊ ၂၀၁၈ ခုနှစ်၊ အောင်ကောင်းဇော်/DMG

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်သာ မြို့ဖြစ်လာခဲ့လျှင် ရုံး၊ အဆောက်အဦးများအတွက် လိုအပ်သည့် မြေယာကိစ္စများကို လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီမှ စီမံသွားမည်ဖြစ်ကြောင်း သိရသည်။

လေးတောင်မြို့အဖြစ် ကြော်ငြာပေးမည့် အချိန်ကစပြီး လိုအပ်လာမည့် မြေနေရာများအတွက် ဒေသခံများ ပိုင်ဆိုင်ထားသည့်မြေယာများအား တန်ဖိုးငွေကြေးအတိုင်းရရှိစေရန်နှင့် နစ်နာမှုမရှိစေရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းလည်း လေးတောင်မြို့ ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူမှ ပြောသည်။

“ အစိုးရနဲ့ ဒေသခံတို့ နှစ်ဦးနှစ်ဖက်အကြား ဒေသခံတွေ ရရှိရေးကိစ္စတွေမှာ ဆုံးရှုံးနစ်နာမှုမရှိစေဖို့အတွက် ကျနော်တို့ မြို့ဖြစ်မြောက်ရေးကော်မတီအနေနဲ့ အတတ်နိုင်ဆုံး စီမံဆောင်ရွက်သွားမှာပါ ” ဟု လေးတောင် မြို့ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူ ဦးအောင်နိုင်ထွန်းက ပြောသည်။

လက်ရှိလေးတောင်တိုက်နယ်အတွင်းတွင်ရှိသည့် ကျေးရွာ ၁၂ ရွာအား မြို့အဖြစ်သတ်မှတ်ပါက ရပ်ကွက် ၅ ခု အဖြစ်သတ်မှတ်သွားမည်ဖြစ်ပြီး လေးတောင်မြို့၏ အလယ်ဗဟိုအဖြစ် စည်ပင်သာယာဘုရားကြီးအား အဓိကထားဆောင်ရွက်ရန် ဒေသခံများမှ လိုလားနေကြသည်။

ရွာဟောင်း၊ နဂါးဇရပ်ပြင်၊ ကွမ်းအိုင်၊ အရှေ့ဖက်မော်၊ ကင်းဆိပ်ပြင်၊ ငပြီချောင်း၊ သရက်ချိုရွာထက်၊ စပါးတုံ၊ တောလယ်၊ ကျောက်တွေ စသည့်ကျေးရွာများမှ မြေဧက ၁၆၀၀ ကျော်ခန့်ကို မြို့မြေအဖြစ်သတ်မှတ်ရန် တိုင်းတာဆောင်ရွက်နေသည်ဟုလည်း လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

လေးတောင်တိုက်နယ်တွင် ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး လေးတောင် မြို့အဖြစ်ပြောင်းလဲလာပါက အလုပ်အကိုင်အခွင့်အလမ်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကောင်းမွန်လာမည်ဟု ဒေသခံများက မျှော်လင့်နေကြသည်။

Author: အောင်ကောင်းဇော်