ဇူလိုင်လ ၇ ရက်၊ ၂၀၁၈ ခုနှစ် / DMG ။     ။ ရမ်းဗြဲမြို့၊ လေးတောင်တိုက်နယ်၊ သရက်ချိုအုပ်စု တောင်သိမ်ဘုရားအနီးတွင် ဇွန်လ ၂၇ ရက်နေ့က အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးကို အတင်းအဓမ္မ ခေါ်ယူခြိမ်းခြောက်ကာ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူမှာ သရက်ချိုကျေးရွာတွင် နေထိုင်သူဖြစ်ပြီး သူငယ်ချင်းအိမ်မှ ပြန်အလာတွင် မောင်လင်းထက်စိုးဆိုသူက ဆိုင်ကယ်ဖြင့် အတင်းအဓမ္မခေါ်ဆောင်သွားပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သူမကပြောသည်။

မောင်လင်းထက်စိုး(၁၇ နှစ်)သည် ဆယ်တန်းတစ်နှစ်ကျထားသည့် ကျောင်းသားတစ်ဦးဖြစ်ပြီး အဓမ္မပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူနှင့် တစ်ကျောင်းတည်းဖြစ်ကာ သူမကို တစ်ဖက်သက် ကြိုက်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူ မ….. က သူမကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်အစုံကို ယခုလိုပြောပြသည်။

“ ညီမက ၂၇ ရက်နေ့ မနက် ၈ နာရီလောက်က ကျောင်းတက်သွားတယ်။ ကျောင်းမှာ သူငယ်ချင်းတွေ မရောက်သေးဘူးဆိုပြီး ရွာဟောင်းကျေးရွာက ညီမသူငယ်ချင်း မိုးစန္ဒ၀င်းအိမ်ကိုသွားပြီး အဲဒီမှာ သူငယ်ချင်းနဲ့နေလိုက်တယ်။ သူငယ်ချင်းကို ညီမကောင်လေးနဲ့ စကားပြောချင်တယ်ပြောတော့ ညီမကောင်လေးကို ဖုန်းဆက်ခေါ်လိုက်တယ်။ သူက နဂါးကျေးရွာမှာ အလုပ်လုပ်နေတာဆိုတော့ ၁၀ နာရီကျော်လောက်မှာ ရောက်လာတယ်။ ပြီးတော့ အဲဒီအိမ်မှာပဲ စကားတွေပြောကြတယ်ပေါ့။ ညီမကောင်လေးက မိုးစန္ဒ၀င်း အမေရောက်လာတော့ ပြန်သွားတယ်။ သူပြန်သွားချိန်က ၂ နာရီကျော်လောက် ရှိမယ်။ အဲတော့ ညီမလည်း အိမ်ကိုပြန်လာတယ်။ ပြန်လာတော့ သိမ်တောင်နား မရောက်ခင်လေးမှာ မောင်လင်းထက်စိုး ရောက်လာပြီး ညီမကို ဆိုင်ကယ်ပေါ်တက်ဖို့ ပြောတယ်။ သူအတင်းပြောတော့ ညီမလည်း တက်လိုက်ရတယ်။ ”

“ ပြီးတော့ သူကပြောတယ် နင့်ရည်းစားက အိမ်ထောင်ရှိတယ်၊ ကလေးရှိတယ်၊ နင်မသိဘူးလား၊ သူ့ကိုဘာလို့ကြိုက်တာလဲ၊ ငါ့ကိုဘာလို့ အဲလောက်မုန်းတာလဲဆိုပြီး ညီမကို အတင်းမေးတယ်။ ညီမကလည်း နင့်လိုအရူးကို ကြိုက်စရာလားဆိုပြီးပြောတော့ သိမ်တောင်နားအရောက်မှာ ညီမကို ကိုယ်ထိလက်ရောက်လုပ်လာတယ်။ ညီမက သူ့ကိုတွန်းပြီး ပြေးတယ်၊ ပြီးတော့ ပုန်းနေတယ်။ ခဏနေတော့ သူညီမနားကို ရောက်လာပြီး အတင်းဆွဲခေါ်ပြီး အနားက အိမ်သာထဲမှာ ထည့်ထားတယ်။ အချိန်က နေ၀င်ခါနီးနေပြီ။ ပြီးတော့ ညီမကို ဘယ်မှမသွားဖို့ ၊ သွားရင်နင့်ကိုသတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ညီမလည်း သူ့ကိုကြောက်ပြီး အပြင်မထွက်ရဲဘူး။ ခဏနေတော့ သူပြန်ထွက်သွားတယ်။ လမ်းမှာတော့ လူတွေသွားနေတယ် ညီမနဲ့အသိတွေ တစ်ယောက်မှ မရှိဘူး။ ခဏနေတော့ ညီမလည်း ပြေးထားတာနဲ့ ငိုထားတာနဲ့ ထမင်းမစားရသေးတာနဲ့ ပင်ပန်းပြီးတော့ အိမ်သာထဲမှာပဲ အိပ်ပျော်သွားတယ်။ ”

(အဓမ္မပြုကျင့်ခံရသူ ပိတ်လှောင်ခံထားခဲ့ရသည့်နေရာ)

“ ၇ နာရီကျော်လောက်မှာ သူပြန်ရောက်လာပြီး ညီမကို အတင်းအဓမ္မပြုကျင့်ဖို့ ထပ်လုပ်တယ်။ ဆိုင်ကယ်တွေလာတော့ ညီမကို ဘာမှမလုပ်ခဲ့ရဘူး။ အော်မယ်လုပ်တော့ ညီမပါးစပ်ကို လက်နဲ့အတင်းပိတ်ထားတယ်။ အဲဒီအချိန်က သူဆွဲလားရမ်းလားလုပ်ထားတော့ ညီမ ဘာမှမသိတော့ဘူး။ ပြီးတော့ ၈ နာရီလောက်မှာ ပြန်သွားတယ် ညီမကို အိမ်သာထဲမှာပဲထပ်ပြီး ပိတ်ထားခဲ့တယ်။ ခဏနေတော့ သူပြန်ရောက်လာတယ်။ ဘယ်အချိန်ဆိုတာကို မသိတော့ဘူး။ ညီမကို အဲဒီအနားက တောထဲကို ခေါ်သွားပြီးတော့ သားမယားအဖြစ် ပြုကျင့်တယ်။ ပြီးတော့ ညီမကို ထားခဲ့တယ်။ ညီမလည်း အဲဒီမှာပဲ အိပ်ပျော်သွားတယ်။ အိမ်ကိုလည်း မပြန်ရဲတော့ဘူး။ ၂၈ ရက်နေ့ ညနေ၇ နာရီလောက်မှာ သူပြန်ရောက်လာပြီး ညီမကို အိမ်ကိုလိုက်ပို့ပေးမယ်ဆိုပြီး လာခေါ်တယ်။ ညီမနေတဲ့ သရက်ချိုနားမရောက်ခင် ဆင်းတော့ဆိုပြီးပြောတယ်။ အချိန်က ည ၈ နာရီလောက်ရှိနေပြီ ”  

ကိုတန်းကျောင်းသူလေး၏ ဖခင်သည် လွန်ခဲ့သည့် သုံးနှစ်က ကွယ်လွန်သွားပြီဖြစ်ကာ မိခင်ဖြစ်သူမှာလည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေပြီး အဒေါ်ဖြစ်သူနှင့်အတူ နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လူကိုမြင်လျှင် ကြောက်လန့်ထွက်ပြေးနေပြီး ဆွေမျိုးများကိုလည်း မသိတော့ကြောင်းနှင့် မေးမြန်းမရသဖြင့် အချိန်ကြန့်ကြာသွားပြီး ဇူလိုင်လ ၄ ရက်နေ့မှာမှ မောင်လင်းထက်စိုးကို တရားစွဲနိုင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

“ သမီးမရောက်ဘူးဆိုပြီးတော့ မိသားစုတွေက မနက်ကျသွားရှာတော့ လမ်းမှာတွေ့တယ်။ သမီးက လူကိုမြင်ရင် ကြောက်ပြီး ထွက်ပြေးနေပြီ။ အဒေါ်တွေကိုလည်း မသိတော့ဘူး။ ကျွန်မက ဒီမှာနေတာ မဟုတ်ဘူး။ ထိုင်းမှာနေတာ။ သမီး ဒီလိုဖြစ်တယ်ဆိုပြီး အိမ်ကမိသားစုတွေ ဖုန်းဆက်ခေါ်လို့ လိုက်လာတာ။ သမီးက အရမ်းကြောက်နေပြီး ဘာဆိုဘာမှ မေးမရဘူး။ အဲဒါနဲ့ နောက်မှ သေချာချော့မော့ မေးကြည့်တော့မှ ပြောတယ်။ အခု တရားစွဲထားတယ်။ ” ဟု ဆိုသည်။

ကိုးတန်းကျောင်းသူကို အဓမ္မပြုကျင့်မှုနှင့်ပတ်သက်ပြီး မောင်လင်းထက်စိုး (အသက် ၁၇ နှစ်)ကို လေးတောင်တိုက်နယ်ရဲစခန်းမှ ဖမ်းဆီးပြီး (ပ) ၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုအားစစ်ဆေးလျှက်ရှိကြောင်း ရဲစခန်းမှသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လေးတောင်တိုက်နယ်ရဲစခန်းမှ ရဲအုပ်ကျော်လှထွန်းအား ဆက်သွယ်မေးမြန်းရာ စစ်ဆေးဆဲကာလဖြစ်နေ၍ အမှုအား သေချာမပြောပြနိုင်သေးကြောင်း DMG သို့ ဖြေဆိုခဲ့သည်။

 

Author: အောင်ကောင်းဇော်