မျိုးဇော်ထွန်း / DMG
ဖေဖော်ဝါရီ ၂၃ ၊ စစ်တွေ

ရသေ့တောင်မြို့နယ်၊ မင်းဖူးကျေးရွာတွင် မြန်မာ့တပ်မတော်မှ ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန်သေဆုံးခဲ့သူ မရီရီစိုးအတွက် အလှူလုပ်ရန်အတွက်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တပ်မတော်က မိသားစုထံ ငွေ (၁၃၀၀၀၀) ကျပ် ပေးအပ်ခဲ့သည်။

မရီရီစိုးအတွက် အလှူလုပ်ရန်ဟုဆိုကာ ကနဦး ငွေထောက်ပံ့မှုကို သူ၏မိသားစုများက မယူခဲ့ပေ။ သို့သော် တပ်မတော်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ထပ်မံ လာပေးအပ်ခဲ့သောကြောင့် လက်ခံလိုက်ရသည်ဟု မရီရီစိုး ၏မိခင် ဒေါ်ဝေနုဖြူက ပြောသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လာပြီးပေးတဲ့အချိန်မှာ ကျွန်မတို့ လက်ခံလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာက သေနတ်တွေနဲ့လေ။ ကျွန်မတို့လည်း ကြောက်ပြီးယူလိုက်ပါတယ်” ဟု ဒေါ်ဝေနုဖြူက ပြောသည်။

မရီရီစိုးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေအိမ်အတွင်းရှိနေစဉ် တပ်မတော်၏ ပစ်ခတ်မှုကြောင့် မျက်နှာကို ကျည်ဆန်ထိမှန်ကာ သေဆုံးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

သေနတ်ကျည်ဆံထိမှန်ပြီးသေဆုံးခဲ့ရသည့် မရီရီစိုး၏အလောင်းအား ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မင်းဖူးကျေးရွာသုဿန်၌ ဂူသွင်းသဂြိုဟ်ခဲ့သည်။