ချလူးအောင်၊DMG

စက်တင်ဘာလ ၂၂၊မောင်တော

မောင်တောမြို့နယ်မြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာမှ အသတ်ခံခဲ့ရသည့် မြိုတိုင်းရင်းသား ဦးဒူလူ၏ ကျန်ရစ်သော မိသားစုဝင်များ စားဝတ်နေရေးအခက်အခဲရှိနေသည်။

ဦးဒူလူသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင်  ရွာအနီးနွားကျောင်းနေစဉ်  အသတ်ခံခဲ့ရခြင်းဖြစ်ပြီး သူ့အလောင်းအား စက်တင်ဘာလ ၂၁ ရက်နေ့က  မောင်တောသုဿန်၌ သဂြိုလ်ခဲ့သည်။

၎င်းမှာ အသက် ၃၁ နှစ်အရွယ်ရှိသည့် ဇနီး မကော်ရာမ်၊ သားကြီး ရော်ယန်(၁၃)နှစ် ၊သားလတ် မန်လုံ( ၁၀)၊သားငယ် လုံဝန်း( ၇)နှစ်နှင့်(၃)နှစ်အရွယ် သမီး တုံလော တို့ကျန်ရစ်ခဲ့ပြီး အကူအညီများကို မျှော်လင့်နေကြောင့် မိသားစုဝင်များက ပြောသည်။

"ဒီကလေးတွေနဲ့ ဘာလုပ်လို့လုပ်ရမှန်မသိတော့ပါဘူး။ဘာမှလည်းမသိ။ဘာမှလည်းမလုပ်တက်တော့ အစိုးရနဲ့ကူညီပေးနိုင်သူတွေက ဘာတွေကူညီပေးမလဲဆိုတာကိုပဲ မျှော်လင့်နေမိပါတယ်။" ဟု ဦးဒူလူ၏ ဇနီး မကော်ရာမ်က ဆိုသည်။

၎င်းတို့မိသားစုသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောသို့  ခိုလှုံရန်ရောက်ရှိလာခြင်းဖြစ်သည်။ ဦးဒူလူသည် ငါးရှာ၊နွားအငှားကျောင်းပြီးမိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့သူဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းတို့မိသားစုသည် လက်ရှိတွင် မောင်တောမြို့ဓါတ်ပေါင်းစုံ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတိုက် ခိုလှုံနေကြပြီး အကူအညီပေးကြရန်  ဆရာတော်က တိုက်တွန်းသည်။

" သစ်တုံးခွဆုံ ကျေးရွာအုပ်စုက မိသားစုတွေက တစ်နေ့လုပ်မှ တစ်နေ့စားကြရတယ် ။တစ်မိသားစုကို နောက်တစ်မိသားစုက ကူညီပေးဖို့ မလွယ်ကူပါ။ ဒါကြောင့် ခုဘုန်းဘုန်းက ဒီမိသားစု ၅ ဦးကို ကျောင်းသို့  ခေါ်ထားလိုက်ပါတယ်။ အရွယ်ရောက်လာတဲ့ ကလေးတွေကို စာသင်ပေးသွားမှာပါ။သူတို့မိသားစု အနာဂတ်အတွက် ကူညီပေးမယ်သူတွေ ပေါ်ပေါက်ရင်တော့ အတိုင်းမသိဝမ်းသာရမှာပါ "ဟု ဆရာတော်ကြီး ဦးစန္ဒာသီရီက မိန့်သည်။

ဦးဒူလူကို သတ်ဖြတ်ခဲ့သူများကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်း ကြောင့် ဒေသခံများလုံခြုံရေး စိုးရိမ်လျက်ရှိကြသည်။  

Author: ချလူးအောင်