(ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားသည့်သူများကို မြောက်ဦးသုဿန်မှာထားရှိပြီး မိသားစုဝင်များက စောင့်အိပ်ပေးနေကြသည်။ ဓါတ်ပုံ - မောင်ဇော်ခိုင်၊ DMG)

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၈ ခုနှစ် ။       ။   မြောက်ဦးမြို့မှာ မနေ့ညက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့က လူအုပ်စုကို သေနတ်ဖြင့် ပစ်ခတ်ပြီး ဖြိုခွဲခြင်းသည် မတော်တဆလုပ်ရပ်မျိုးမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်သည့် ပြစ်မှုမျိုးဖြစ်ကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) က ယနေ့ (ဇန်နဝါရီလ ၁၇) သဘောထား ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ရဲတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဒေသခံ ၇ ဦးနှင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် ဒေသခံ ၁၂ ဦးအတွက် မိသားစုနှင့်ထပ်တူ လွန်စွာသောကပူဆွေး မိကြောင်းလည်း ဖော်ပြထားသည်။

ရခိုင်လူမျိုးတို့၏ အမျိုးဂုဏ်ဇာတိဂုဏ်ကိုသာမက အသက်ကိုပါရန်ရှာခံရကြောင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခံလိုက်ရကြောင်း၊ ရဲတပ်ဖွဲ့၏ အကြမ်းဖက်နှိမ်နင်းမှုသည် နိုင်ငံတော် အစိုးရတို့၏ လုပ်ရပ်မျိုးမဟုတ်ဘဲ နယ်ချဲ့အစိုးရတို့၏ လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကြောင့် တရားဥပဒေဘောင်ကို ကျော်လွန်ကာပြုလုပ်သည့် ဤလူမဆန်ရက်စက်သတ် ဖြတ်မှု၏ တာဝန်ရှိသူများကို ဥပဒေလုပ်ထုံးလုပ်နည်းများအရ တရားမျှတစွာ ဆောင်ရွက်ပေးရန် တာဝန်ခံရ မည်ဟု မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) က တောင်းဆိုထားသည်။

မနေ့ည ဇန်နဝါရီလ ၁၆ ရက် ညဥ့် (၁၀) နာရီအချိန်ခန့်တွင် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ကျင်းပခွင့်မရ၍ မြို့လူထုက လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ယင်းမှတစ်ဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့သို့ ရောက်ရှိသွားပြီး ရဲတပ်ဖွဲ့နှင့် လူထုကြား အပြန်အလှန် ပဋိပက္ခ ဖြစ်ပေါ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်မှာ ရဲတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းစဉ်၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့သော်လည်း လူစုကွဲသွားခြင်းမရှိသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်၍ ဖြိုခွင်းခဲ့သည်ဟု ဇန်ဝါရီလ ၁၇ ရက် နေ့လည်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းကလည်း အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအနေဖြင့် သတိပြုထိန်းသိမ်းဆောင်ရွက်သွားရန် တောင်းဆိုပြီး၊ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မတန်တရာအင်အားသုံး ဖြေရှင်းခြင်းသို့မဟုတ် အခြားတရားမဝင် လုပ်ဆောင်မှုများရှိနေပါက စုံစမ်းပါရန် တာဝန်ရှိသူများအား တိုက်တွန်းထားသည်။

Author: ဇော်ဇော်(မြောက်ဦး)