ခင်သရဖီဦး၊ DMG
စက်တင်ဘာလ ၂၆၊ စစ်တွေ
စစ်တွေမြို့၊၀င်္ကဘာကွင်း ဈေးပွဲတော်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် သေဆုံးသွားသည့် စစ်ဘက်ရေးရာ လုံခြုံရေးတပ် (စရဖ)မှ တပ်ကြပ်ဝင်းထိုက် (ခေါ်) ဖိုးလုံးကိစ္စကြောင့် ရခိုင်လူငယ်နှစ်ဦး စစ်တွေမြို့အမှတ်(၂)ရဲစခန်းတွင် ယနေ့ (စက်တင်ဘာလ ၂၆ ရက်နေ့)တွင် စစ်ဆေးခံနေရသည်။
တပ်ကြပ်ဖိုးလုံးသေဆုံးမှုနှင့်ပတ်သတ်ပြီး ဘူးသီးတောင်မြို့နယ်က ကိုအောင်ချေနှင့် ကိုခိုင်ဇော်တို့ စစ်ဆေးခံနေရခြင်းဖြစ်သည်။၎င်းတို့နှစ်ဦးကို နံနက် ၁၀ နာရီ ၄၅ မိနစ်က ခေါ်ယူစစ်ဆေးခဲ့ကာ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြန်လွှတ်လိုက်သည်။
“ ကျနော်တို့ကို ခေါ်ယူမေးမြန်းပါတယ်။ ဖိုးလုံးနဲ့ ဘယ်လိုပတ်သတ်လဲ၊ ဖုန်းနဲ့ အဆက်သွယ် ရှိလား။ မနေ့က ပွဲကိုသွားသေးလာမေးတယ်။ ပြီးတော့ ဆရာဝေဟင်အောင်နဲ့ သိလားလို့ မေးတယ်။ ကျနော်ကျတော့ မနက်က ဘယ်မှာမသွားပါဘူး။ အိမ်မှာစာလုပ်နေပါတယ်။ (ဖိုးလုံးသေနတ်ပစ်သတ်ခံရပြီးနောက်) ဆေးရုံးကို သွားခဲ့ပါ တယ်။ဒါပေမယ့် ကျနော်ဆေးရုံးအခန်းထဲထိတော့ မလိုက်သွားပါဘူး ”ဟု စစ်ဆေးခံနေရသည့် ကိုအောင်ချေက ပြောသည်။
၎င်းတို့နှစ်ဦးသည် စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်ရန် စစ်တွေသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ဖိုးလုံးသေနတ်ပစ်သတ်ခံရမှုနှင့်ပတ်သတ်ပြီး အဆိုပါ လူငယ်နှစ်ဦးကို သံသယဖြင့် ခေါ်ယူစစ်ဆေးခြင်းဟု စစ်တွေမြို့အမှတ်(၂)ရဲစခန်း ရဲအုပ်အေးကျော်က DMG ကို အတည်ပြုပြောသည်။
“ ကျနော်တို့ မနေ့ကဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သံသယရှိသူ နှစ်ဦးခေါ်ယူမေးမြန်းတာပါ”ဟု ၎င်းကပြောသည်။
သေဆုံးသူ တပ်ကြပ်ဝင်းထိုက်(ခေါ်)ဖိုးလုံးမှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက ဇနီးနှင့်အတူ စစ်တွေ ဈေးရောင်းပွဲတော်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံလိုက်ရသည်။ ၎င်း၏ ဦးခေါင်း နောက်စေ့ အပျော့ပိုင်းမှ ဝင်ရောက်ကာ ရှေ့ဖက် နှာခေါင်းအနီးဖောက်ထွက်သွားပြီး ၉ မမ သေနတ်ကျည်ဆန် ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်တွေအမှတ် (၂) ရဲစခန်းမှ သိရသည်။
ယင်းသေဆုံးမှုနှင့်ပတ်သတ်ပြီး စစ်တွေမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ (ပ) ၉၀/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကာ တရားခံအား ဖမ်းဆီးရမိရေး လိုက်လံ စုံစမ်းလျက်ရှိသည်။




