နိမ့်ကျနေသော မောင်တောမြို့နယ် ပညာရေးနှင့် ပတ်သက်ပြီး မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင်က ရှင်းလင်းနေစဉ်။ (ဓါတ်ပုံ - ပျံလွှား)

ဇူလိုင်လ ၂ ရက်နေ့၊ ၂၀၁၈ ခုနှစ် / DMG ။   ။   မောင်တောဒေသတွင် ကျောင်းဆရာ၊ ဆရာမများသည် တစ်နှစ်ပြည့်အောင် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ ပြောင်းရွှေ့နေကြသည့်အတွက် မောင်တောဒေသသည် အတွေ့အကြုံသင်ကြားပေးသော နယ်မြေဖြစ်နေသည်ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

ယနေ့ ဇူလိုင်လ ၂ ရက်နေ့ မောင်တောမြို့ အ.ထ.က (၁) ခန်းမတွင် ကျောင်းဆရာ၊ ဆရာမများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့ မောင်တောမြို့နယ် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးရာတွင် ၄င်းက ပြောကြားခဲ့သည်။

“ မောင်တောမြို့နယ်မှာ ဆရာ၊ ဆရာမတွေကို တာဝန်ထမ်းဆောင်တာ တစ်နှစ်ပြည့်ရင် ပြောင်းရွှေ့ခွင့်ပြု ထားတယ်။ လုံခြုံရေးအရ ဆရာ၊ ဆရာမတွေကလည်း ပြောင်းတယ်။ အဲဒီတော့ ဆရာ၊ ဆရာမတွေက မတည်မြဲဘူး။ ပြောရရင် ဆရာ၊ ဆရာမတွေကို အတွေ့အကြုံသင်ကြားပေးတဲ့ နယ်မြေတစ်ခုလို ဖြစ်နေတယ်။ ” ဟု ပြောသည်။

မောင်တောဒေသသို့ တာဝန်ကျသည့် ဆရာ၊ ဆရာများ၏ ပြောင်းရွှေ့ခွင့်ကို ၂ နှစ်ဖြစ်သင့်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

“ လုံခြုံရေးအရ လစာကို နှစ်ဆပေးထားတယ်။ တာဝန် တစ်နှစ်ပြည့်ရင် ပြောင်းရွှေ့ခွင့်ပြုထားတော့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆရာ၊ ဆရာမတွေက အသစ်သစ်ဖြစ်နေတယ်။ ဒါက ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဿနာတစ်ခုပဲ။ အပြောင်းအရွှေ့များတဲ့အခါမှာ နယ်ကကျောင်းသားတွေအတွက် ပညာရေးထိခိုက်နေတယ်။ ” ဟု ပြောသည်။

လုံရေးတပ်ဖွဲ့ဝင်များမှာ ပြဿနာဖြစ်လာနိုင်သည့် ကောလဟာလ သတင်းလွှင့်မှုကြောင့် စိတ်လုံခြုံမှုမရှိဟု မောင်တော အ.ထ.က (၁)မှ အထက်တန်းပြဆရာမ ဒေါ်တာတာက ပြောသည်။

“ အခု ကျောင်းဖွင့်တာ တစ်လပဲ ရှိပါသေးတယ်။ ကျမ လွန်ခဲ့တဲ့ ၆ လက စကားတစ်ခု ပြောသံကြားခဲ့ပါတယ်။ အရေးကြီးတယ်တဲ့။ ဒီအရေးကြီးတယ် ဆိုတဲ့ စကားက ဘာလဲ။ ဒီစကားက ပညာရေးလောကက ထွက်လာတဲ့ စကားလား၊ တာဝန်ရှိ လုံခြုံရေးယူထားတဲ့သူတွေဆီက ထွက်လာတဲ့ စကားလား၊ တကယ်တော့ ပညာရေးလောကက ထွက်လာတာ မဟုတ်ပါဘူး။ လုံခြုံရေးက ထွက်လာတဲ့ စကားပါ။ ဒီအရေးကြီးတယ်ဆိုတဲ့ စကားက ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေအတွက် တဒင်္ဂမှာ တုန်လှုပ်စေပါတယ်။ စိတ်လုံခြုံမှုက မရှိတော့ ပညာရေးမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ ” ဟု ပြောသည်။

မောင်တောဒေသတွင် ယနေ့အချိန်အထိ လုံခြုံရေးခိုင်မာခြင်းမရှိဘဲ မည်သည့်အချိန်မဆို ပဋိပက္ခဖြစ်လာနိုင်၍ ကျောင်းသား၊ ကျောင်းသူများမှာ စိတ်ဓါတ်ရေးရာပိုင်း ကြောက်ရွံ့မှုလွှမ်းမိုးနေကြောင်း၊ ပဋိပက္ခဖြစ်ပါက စာသင်ကြားမှုပြတ်တောက်သွားပြီး အခြားနေရာသို့ ထွက်ခွာသင်ကြားနေရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများမှာ စာလိုက်မမီသည့် အခက်အခဲကို ရင်ဆိုင်နေရကြောင်း မောင်တောမြို့ အ.ထ.က (၁)မှ အထက်တန်းကျောင်းသူတစ်ဦးက ပြောသည်။

ယနေ့ပြုလုပ်သည့် မောင်တောမြို့နယ် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို Development Media Group (DMG) နှင့် မောင်တောမြို့နယ်ပညာရေးမှူးတို့ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကျောင်းသား၊ ဆရာ၊ ဆရာမ ၂၀ ကျော်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့ စုစုပေါင်း လူဦးရေ ၄၀ ခန့်က ပညာရေးဖွံ့ဖြိုးတိုးတက်ရေးမှာ စိန်ခေါ်နေသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

Author: နေရောင်မင်း(စစ်တွေ)