
ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ/DMG
ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ကျေးရွာရှိ မြို့နယ်မြေစာရင်းဌာနမှ မြေတိုင်းစာရေးတစ်ဦး၏အိမ်ကို မူးယစ် ဆေးဝါးပါဝင်သည့် လက်ဆောင်ပစ္စည်းများပေးပို့ခဲ့သူကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ဖမ်းမိသည်ဟု မြို့နယ်ရဲစခန်းက သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့က နတ်ဆိပ်ကျေးရွာမှ မြေတိုင်းစာရေး ဦးမောင်ပန်းဖြူနေအိမ်သို့ အမည်အသိဆိုင်ကယ်သမားတစ်ဦး လာရောက်ပြီး လက်ဆောင်ပစ္စည်းများပါသည်ဟုဆိုကာ လုံချည် ၄ ထည်အား အိမ်ပေါ်မှာတင်ပြီးထွက်သွားခဲ့သည်။ ယင်းနောက်တွင် ရဲတပ်ဖွဲ့များလာရောက်ပြီး လက်ဆောင် ပစ္စည်းများကိုစီစစ်ကြည့်ရာ လုံချည်တစ်ထည်ချင်းစီတွင် WY ဆေးပြား ၃၀ ခန့်ပါဝင်သည့် မူးယစ်ဆေးဝါးများကို တွေ့ရှိ၍ ရဲတပ်ဖွဲ့က အိမ်ရှင်ဦးအောင်ပန်းဖြူ၏ဇနီးကို ဖမ်းဆီးခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးပါသော လက်ဆောင်ပစ္စည်းအား နတ်ဆိပ်ကျေးရွာသို့ သွားပို့ခဲ့သူမှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဘေးတွဲဆိုင်ကယ်မောင်းနေသူ သန်းမိုးဆိုသူဖြစ်ကြောင်း မြို့နယ်ရဲစခန်း ကသိရသည်။
“ ဖမ်းမိတဲ့သူက ဆိုင်ကယ်ဘေးတွဲသမားပါ။ တစ်ယောက်က ဖုန်းဆက်ပြီး ငွေနှစ်ထောင်ပေးပြီး မောင်ပန်းဖြူ အိမ်ကို ပို့ခိုင်းတဲ့အတွက် ပို့ခဲ့တာလို့ဝန်ခံပါတယ်။ ပို့ခိုင်းတဲ့သူနဲ့ မသိကြောင့် ဝန်ခံပါတယ်။ သူ့ကို တရားရုံးက ချုပ်မိန့်တောင်းပြီး ရမန်ယူကာ စစ်ဆေးနေပါတယ်” ဟု ပုဏ္ဏားကျွန်းရဲစခန်းက တပ်ကြပ် ခင်မောင်အေးက ပြောသည်။
၎င်းအိမ်သို့ မူးယစ်ဆေးဝါးပစ္စည်းလာပို့ခြင်းမှာ မိမိကိုလုပ်ကြံခြင်းဟု ဦိးမောင်ပန်းဖြူက ထင်မြင်သည်။ သူ့ဇနီးလည်း လုပ်ကြံမှုကြောင့် ဖမ်းဆီးခံနေရကြောင်း ယူဆပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် မူးယစ် ဆေးဝါးပါဝင်သည့်လက်ဆောင်ပစ္စည်းလာပေးသူကိုစုံစမ်းပြီး ဦးမောင်ပန်းဖြူ ကိုယ်တိုင်ဖမ်းကာ ရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ (ဒီဇင်ဘာလ ၁၄ ရက်နေ့)က ၈ နာရီလောက်မှာ အဲဒီဘေးတွဲ ဆိုင်ကယ်သမားက ဒီနေ့မှာ နတ်ဆိပ်ကို ခရီးသည်တစ်ယောက် ပို့လာပါတယ်။ အိမ်နားက မျက်မြင်တွေက ပို့လာတဲ့သူကို မျက်နှာမြင်ရင် မှတ်မိတယ်။ သူ့ကို နတ်ဆိပ်ကို ပစ္စည်းလာပို့လားလို့မေးတော့ ပို့ခဲ့ကြောင့်ဝန်ခံတဲ့အတွက် ရဲစခန်းကို ပို့လိုက်တာပါ ” ဟု မောင်ပန်းဖြူက ပြောသည်။
လက်ရှိတွင် ဦးမောင်ပန်းဖြူ၏ ဇနီးကို ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ကာ နေမကောင်းဖြစ်၍ ဆေးကုသမှုကို ခံယူနေရကြောင်း ဦးမောင်ပန်းဖြူကပြောသည်။ ယခု ဖမ်းမိသည့် ဦးသန်းမိုးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ ၁၉ (က) အရ အမှုဖွင့်အရေးယူထားကြောင့် မြို့နယ်ရဲစခန်းက သိရသည်။




