
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ ခိုင်ရိုးလ / DMG
မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီကျော် အချိန်ခန့်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့၍ သေဆုံးသွားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနေကျော်က DMG ကိုအတည်ပြုပြောကြားသည်။
သူသည် နေအိမ်တွင် တီဗွီကြည့်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ယင်းနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ၎င်းကဆက်လက်ဆိုသည်။
“ သူက အိမ်မှာတစ်ယောက်တည်း တီဗွီကြည့်နေတဲ့အချိန်သေနတ်ပစ်ခံရပြီးတော့ သေဆုံးနေတာကို တွေ့တာပေါ့။ သူ့ရဲ့ သမီးနဲ့ သမက်က မင်းပြားမြို့နယ် သာယာကုန်းရွာ ဘိုးဘွားရိပ်သာဖွင့်ပွဲ ဇာတ်ပွဲသွားကြည့်နေတယ်။ ပြန်လာတဲ့အခါ နေအိမ်ခုံပေါ်မှာ ဦးခေါင်းယာဘက် နားထင်ကို သေနတ်ပစ်ခံရပြီးတော့ သေဆုံးတာနေတာကိုတွေ့တာပါ။ အဲဒါကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ဆီကို ဖုန်းဆက်သတင်းပို့လာပါတယ် ” ဟုပြောသည်။
သူသည် ကြာအင်းတောင်နယ်မြေအတွင်း နိုင်ငံရေး၊ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်သည်။ ယင်းနောက်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်လာကာ ပါတီတာဝန်ကို ထမ်းဆောင် နေသူဖြစ်သည်။
“ ရခိုင်ပြည်မှာ အခုလိုလုပ်ကြံမှုတွေက အရင်ကတည်းကတွေ့ရတယ်။ အခုဟာပိုဆိုးလာတာက အိမ်ထက်မှာ ထိုင်နေတာကို လုပ်ကြံလာတယ်ဆိုတော့ ရခိုင်ပြည်မှာ တရားဥပဒေစိုးမိုးမှုနည်းတာကိုတွေ့ရတယ်။ နောက်ပြီးလုပ်ကြံခံရမှုတွေမှာ တရားခံတွေမပေါ်ဘူး။ ဒါဟာ အကြမ်းဖက်မှုတွေ ရခိုင်ပြည်နယ်ထဲကို နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာတယ်လို့ မြင်ပါတယ်။ အသက်အိုးအိမ်လုံခြုံမှုမဟိလို့လည်း ခံစားရပါတယ်။ သက်ဆိုင်ရာကလည်း တရားခံကို ဖော်ထုတ်ပေးဖို့လိုပါတယ် ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( ALD )အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က ဆိုသည်။ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ကျင်းပနေသည့် ဈေးပွဲတော်သို့ လာရောက်သည့် စရဖတပ်က တပ်ကြပ်ဖိုးလုံးကို အမည်မသိသူ တစ်ဦးက သေနတ်ဖြင့် အနီးကပ် လုပ်ကြံခဲ့မှုကြောင့် သေဆုံးသွားသည်။




