(ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ဓါတ်ပုံ - internet)

မေလ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။   ။  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မခံသည့် မြောက်ပိုင်းအဖွဲ့များ NCA လေ့လာရန် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်ခြင်းဖြစ်နိုင်ကြောင်း ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ မြောက်ပိုင်းထဲမှာလည်း မတူတာတွေက NCA မှာပါ ဖူးတဲ့ ဟာတွေရှိတယ်။ လုံးဝမပါဖူးတာတွေက ၅ ဖွဲ့၊ ၅ဖွဲ့ထဲမှာက NCA ထိုးမယ့်အခင်းအကျင်းတွေမှာ NCA ထိုးဖို့ဖိတ်ကြားခံရတာက လေးဖွဲ့။အများအားဖြင့် ဟို သုံးဖွဲ့(AA, TNLA, MNDAA)ကတော့ တခါမှဖိတ်ကြားမခံရဘူး။ ဒီတစ်ခေါက်ကတော့ NCA ထိုးဖို့အတွက် အခြေအနေလာကြည့်ဖို့ ဖိတ်ကြားတာဖြစ်မယ်။NCA နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်လာရင်တော့ သူတို့ကပြန်ပြီးတော့ စဉ်းစားနိုင်အောင်ဖြစ်မှာပါ။ ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက DMG သို့ ပြောဆိုသည်။

အဆိုပါမြောက်ပိုင်းခုနှစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO)၊ မြန်မာနိုင်ငံအမှန်တရားနှင့် မျှတမှုအမျိုးသားပါတီ (MNSTP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ (SSPP/SSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC/ NDAA) ၊ ၀ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) တို့က မေလ ၂၄ ရက်တွင် စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်လာခြင်းဖြစ်သည်။

ထိုသို့ မြောက်ပိုင်းအဖွဲ့များ ၂၁ရာစု ပင်လုံဒုတိယအစည်းအဝေးသို့ တက်ရောက်လာခြင်းအပေါ် ၀မ်းသာကြိုဆို ကြောင်းကိုလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက " ဒီလိုအားလုံး စုစုရုံးရုံးမရဘူးဆိုလို့ရှိရင် မလာဘူးဆိုလို့ရှိရင်တော့ ကျွန်မတို့လိုတာကို အားလုံးဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး။ အခုလို ဖွင့်ပွဲ ပိတ်ပွဲလာရောက်တယ်ဆိုရင်လည်း အားလုံးပါဝင်နိုင်တဲ့ အနေအထားတစ်ခုကို ရောက်စေချင်တာက ကျွန်မရဲ့အရင်းခံစိတ်ထားတစ်ခုဖြစ်ပါတယ်။ " ဟု DMG သို့ ပြောသည်။

ပင်လုံ ဒုတိယအစည်းအဝေးသို့ UWSP မှ  ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ ဦးဆောင်သည့် ၇ ဦးအဖွဲ့၊ KIO မှ ဒုဥက္ကဋ္ဌ ဦးအင်ဘန်လဦးဆောင်သည့် ၆ ဦးအဖွဲ့၊AA မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်း အောင် ဦးဆောင်သည့် ၂ ဦးအဖွဲ့၊ TNLA  မှ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားဦးဆောင်သည့် ၃ ဦးအဖွဲ့၊ MNDAA  မှ ဒုတိယစစ်ဦးစီးချုပ် ရန်ဝမ်ဂျောင်ဦးဆောင်သည့် ၃ ဦးအဖွဲ့၊  SSPP/SSA  ဒုတိယမှူးကြီးစိုင်းဘထွန်းဦးဆောင် သည့် ၂ ဦးအဖွဲ့ နှင့် NDAA မှ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးစံပေ့နှင့်ဦးစံလူ တို့ဦးဆောင်သည့် အဖွဲ့ စုစု ပေါင်းကိုယ်စားလှယ် ၂၅ ဦးက  မေလ ၂၃ ရက် နေ့လည် ၃ နာရီခန့်က ကူမင်းမှ နေပြည်တော်သို့ ရောက် ရှိလာပြီး မေလ ၂၄ ရက် နံနက်တွင် ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ အစိုးရဖိတ်ကြားမှုနှင့်  တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုတို့ကြောင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် ၂၁ရာစု ပင်လုံဒုတိယအစည်းအဝေးသို့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကတော့ တန်းတူရည်တူ တက်ရောက်ဆွေး နွေးခွင့်မရှိဘဲ အထူးဖိတ်ကြားသူအဖြစ်သာ ဖိတ်ကြားခဲ့သည့်အတွက် တက်ရောက်မည်မဟုတ်ဟုလည်း မေလ ၂၃ရက် ညတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

Author: ကောင်းကောင်း